နိုင်ငံတော်က ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အယူခံအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ဒီဇင်ဘာ ၉ ရက်တွင် အကျဉ်းနည်းဖြင့် ပလပ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
အောက်တိုဘာ ၁၇ ရက်တွင် ဒဏ္ခိဏခရိုင် တရားရုံးမှ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ (၂၆) ကြိမ်မြောက် ရုံးချိန်း၌ ပြစ်မှုအမှတ် ၄၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၉ နှင့် ပြစ်မှုအမှတ် ၄၂/၂၀၁၄ ပြစ်မှုပုဒ်မ ၁၂၄ (က)အမှုတို့ဖြင့် နှစ်မှုစလုံးအတွက် ထောင်ဒဏ် ၁၃ နှစ်၊ ငွေဒဏ်တစ်သိန်း အမိန့်ချမှတ်ခဲ့သည်။
“ဦးဆန်းဆင့်ရဲ့ အယူခံကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီလောက်မှာ အကျဉ်းနည်းနဲ့ ပလပ်ခဲ့တယ်။ ဆက်ပြီးတော့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို ဆက်တက်သွားမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ရမည်းသင်းအ ကျဉ်းထောင်မှ တောင်ငူအကျဉ်းထောင်သို့ အောက်တိုဘာ ၃၁ ရက်တွင် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ဦးဆန်းဆင့်အား ပြစ်မှုအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် လိုပြသက်သေ ၂၈ ဦးတွင် ၁၃ ဦးစစ်ဆေးခဲ့ပြီး ပြစ် မှုအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)တွင် လိုပြသက်သေ ၃၆ ဦးရှိသည့်အနက် ၁၉ ဦးစစ်ဆေးခဲ့ပြီး စက်တင် ဘာ ၂ ရက် ၁၃ ကြိမ်မြောက်ရုံးချိန်းတွင် ဒက္ခိဏခရိုင် တရားရုံးက ဦးဆန်းဆင့်အား စွဲချက်စတင်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၉ ရက်တွင် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့်အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၃ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ သာသနာရေးဝန်ကြီးဌာန၏ လျာထားချက်တွင် ပါဝင်ခြင်းမရှိသည့် လုပ်ငန်းရပ်များ အား လယ်ဝေးမြို့နယ် ယက်ကန်းစဉ်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီကို မိသားစုအ လှူတစ်ရပ် အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်၊ ၀န်ထမ်းများအား ဌာနလုပ် ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေ သိန်းတစ်ရာခန့် အလွဲသုံးစားမှုဖြင့် အထူးစုံစမ်းရေး ဦးစီးဌာန (စ.စ.စ) မှ တရားလိုပြု အမှုဖွင့်၍ ဥတ္တရသီရိ ဘုရားကုန်းရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ပြီး ယင်းနေ့တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ပထမဆုံး ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
နရိုင်း၊ ဇေယျာထွန်း |EMG
ပင်မ
/
ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့သော ၀န်ကြီးဟောင်းဦးဆန်းဆင့်၏ အယူခံအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ပလပ်

မှတ်ချက်များ