ရုပ်ရှင်ဆင်ဆာ နောက်ကြောင်းပြန်ရန် မရှိဟု တာဝန်ရှိသူပြော


ဆင်ဆာကိစ္စနှင့် ပတ်သက်၍ ရုပ်ရှင်လောကသားများ ပူပန်နေသကဲ့သို့ နောက်ပြန်လှည့်ရန် အစီအစဉ် လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

‘‘သံသယကတော့ မရှိရဘူးမဟုတ်ပါဘူး ရှိရပါမယ်။ ဒါပေမဲ့ အတိုင်းအတာ ရှိတယ်။ အခြေအနေ ရှိတယ်။ အကြောင်းအရာ ရှိမယ်။ ဒီအပေါ်မှာတော့ သံသယ ရှိရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ကြောင်း မပြန်ပါ ဘူး။ ယခင့် ယခင်က ဆယ်ချက်ကို ပြန်ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဖြေလျှော့ပြီးသား ဟာတွေကို ပြန်လုပ်စ ရာအကြောင်း မရှိပါဘူး ’’ဟု ဒီဇင်ဘာ ၂၀ ရက်တွင် အနုပညာရှင်များနှင့် တွေ့ဆုံပွဲ၌ ဦးပိုက်ထွေးက ဆင် ဆာကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်မှစ၍ ဆင်ဆာပြန်လည် တင်းကျပ်တော့မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန က သတင်းထုတ်ပြန်ခဲ့ရာ ယင်းကိစ္စကို ရုပ်ရှင်လောကသားများက ယခင်ကကဲ့သို့ ဆင်ဆာတင်းကျပ်မှုများ ရှိ လာမည်ကို စိတ်ပူပန်မှုများ ရှိနေသောကြောင့် အထက်ပါကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဇင်ဝိုင်းအပါအဝင် ပန်းချီစိုးမိုး၊ လူမင်းနှင့် ဝိုင်းတို့ ပါဝင် ဆွေးနွေးခဲ့ကြပြီး ဆင်ဆာတာဝန်ရှိသူများဘက်မှ မြန်မာနိုင်ငံရုပ်ရှင်မြှင့်တင်ရေးဦးစီး ဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးသိန်းအောင်က ဆွေး နွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ဇင်ဝိုင်းက ၎င်းတို့ ရုပ်ရှင်လောကသားများအနေဖြင့် ယခုထက် ဆင်ဆာလွတ်လပ်ခွင့် ထပ်မံရရှိရန် တောင်းဆိုနေခြင်းမဟုတ်ဘဲ လက်ရှိရရှိနေသည့် ဆင်ဆာလွတ်လပ်ခွင့်များ ဆုံးရှုံးမှု မရရှိစေ ရန် တောင်းဆိုခြင်းသာဖြစ်ကြောင်းပြောခဲ့သည်။

‘‘ကျွန်တော်တို့ရပြီးသားထက် ပိုလည်းမတောင်းပါဘူး။ ဒီအတိုင်းပဲ နေပါရစေ၊ ဒီအတိုင်းပဲဆက်သွားပါရစေ လို့ တောင်းဆိုချင်ပါတယ်’’ဟု ဇင်ဝိုင်းက ရုပ်ရှင်ဆင်ဆာနှင့် ပတ်သက်၍ တောင်းဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်အဆင့်မြှင့်တင်ရေး ဦးစီးဌာနအနေဖြင့် ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပေးထားသော အချက်များကို ပြန်လည်တင်းကျပ်ရန် အစီအစဉ်မရှိကြောင်း ဦးပိုက်ထွေးက ပြောသည်။

ဇင်ဝိုင်းက ရုပ်ရှင်လောကသားများ သံသယကင်းစေရန် တရားဝင် စာထုတ်ပေးစေလိုကြောင်း ပြောကြား ခဲ့သော်လည်း ဦးသိန်းအောင်က ၎င်းတို့အနေဖြင့် ယင်းအချက်များကို ပြန်လည်တင်းကျပ်မည်ဟု စာထုတ် ခဲ့ခြင်း မဟုတ်သောကြောင့် ပြန်လည်၍ စာထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

‘‘အရက်ရဲ့ မကောင်းကြောင်းကို ပြချင်ရင် အရက်သောက်တာ ပြရပါမယ်။ အရက်သောက်တာမပြဘဲနဲ့ အရက်ရဲ့ ဆိုးကျိုးကိုရိုက်ပြလို့မရပါဘူး။ ဒီလိုပါပဲ တချို့ဒါရိုက်တာတွေက အနုပညာ သဘောတရားအရ ဇာတ်ကားရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ရိုက်ပြရတာတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း အတတ်နိုင် ဆုံး ကျွန်တော်တို့ အပေါ်မှာ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ကြည့်ပြီးဆုံးဖြတ်ပေးကြပါ’’ဟု ဇာတ်ကားများ ဆင်ဆာဖြတ်သည့် ကိစ္စအပေါ် ဇင်ဝိုင်းက အကြံပြုပြောကြားခဲ့သည်။

ဇွဲဉာဏ် | 7day

မှတ်ချက်များ