ဆေးကုသမှု တ၀က်ကျော် အခမဲ့ဖြစ်ရေး လုပ်နေဟု ရန်ကုန်ဆေးရုံအုပ်ကြီးပြော


ရန်ကုန်ဆေးရုံးကြီးမှာ လူနာတွေရဲ့ဆေးကုသမှုစရိတ်ထက်ဝက်ကျော်အထိကိုအခမဲ့ဖြစ်အောင်လုပ်ဆောင်
နေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောဆိုလိုက်ပါတယ်။

လက်ရှိအစိုးရက ကျန်းမာရေးကုန်ကျစရိတ် တိုးမြှင့်လိုက်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးမှာလူနာတွေရဲ့
ဆေးကုသမှုစရိတ်ကို ထက်ဝက်ကျော်အထိ အခမဲ့ဖြစ်အောင်လုပ်ပေးမယ်လို့ ဆေးရုံအုပ်ကြီးက ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။

ဆေးရုံအုပ်ကြီး ဦးလှမြင့် “WHO က ကျနော်တို့နိုင်ငံကို သတ်မှတ်ထားတာကတော့ လူနာတွေ စိုက်ထုတ် သုံးစွဲနေရတာ ၈၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ စာရင်းဇယားအရ သိရပါတယ်။ ကျနော်တို့ ရည်ရွယ်တာ က ၅၀ ရာခိုင်နှုန်းအောက်ကျအောင် ဆောင်ရွက်နေပါတယ်။ ဒါကို ကျနော်တို့ ဆာဗေး ပြန်လုပ်နေပါတယ်။
နောက်တလလောက်ဆို ကျနော်တို့ ဒီအခြေအနေတွေကို ထုတ်ပြန်ကြေညာနိုင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၅နှစ်တာကာလအတွင်း ရန်ကုန်ဆေးရုံကြီးကို လာရောက်ဆေးကုသမှုခံယူတဲ့ လူနာဦးရေ ၂ ဆ
ကျော်အထိ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ လူနာတွေအတွက် အရေးပေါ်လိုအပ်တဲ့ သွေး၊ အောက်ဆီဂျင်၊ ဓာတ်ခွဲစမ်းသပ်မှုအပိုင်း
တွေမှာ ကုန်ကျစရိတ်ရှိတာတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ အခမဲ့ကုသပေးနေပါတယ်။

လူနာရှင်တဦးဖြစ်တဲ့ ဦးကျော်အောင်က “အရင်တုန်းက အစစအရာရာဝယ်ရတာနဲ့စာရင် အခုလိုအပ်တာ
လေးတွေ ဖြည့်ဆည်းပေးတာ။ ဒါပေမယ့်အားလုံး အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်ရင်တော့ ပိုကောင်း တာပေါ့” လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ၂၀၁၄ ခုနှစ်ထဲ ထွက်ရှိထားတဲ့ စစ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ လူနာတဦးအနေနဲ့ စိုက်ထုတ်ကုန်ကျစရိတ်ဟာ ၈၂ ရာခိုင်နှုန်းအထိ ရှိနေသေးတယ်လို့ ထုတ်ပြန်ထား ပါတယ်။

DVB

မှတ်ချက်များ