IS တပ်ဖွဲ့ သိမ်းယူထားသည့် နယ်မြေ အများအပြားကို ကာ့ဒ်တိုက်ခိုက်ရေးသမားများ ပြန်လည်သိမ်းပိုက်
ဆင်ဂျာတောင်ကို ဝန်းရံပိတ်ဆို့ထားသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွများကို တွန်းလှန်နိုင်ခဲ့ သည့် နောက်ပိုင်း ကာ့ဒ်တိုက်ခိုက်ရေး ပြောက်ကျားများ အနေဖြင့် IS တပ်ဖွဲ့လက်မှ နယ်မြေ အများအ
ပြားကို ဆက်လက် သိမ်းယူလာနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်နှင့် နိုင်ငံတကာ လေတပ်များ၏ ပစ်ကူပေးမှုနှင့်အတူ ကာ့ဒ် တိုက်ခိုက်ရေးသမားများသည် ဆင်ဂျာတောင်ကို ဝန်းရံထားသည့် IS တပ်ဖွဲ့များကို ဖြိုခွင်းနိုင်ခဲ့ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ထို့ကြောင့်လည်း ဆင်ဂျာတောင်တွင် ပိတ်မိနေသည့် ယာဇီဒီ အနွယ်များနှင့် အီရတ်စစ်ပြေး ဒုက္ခသည်များကို IS တပ်ဖွဲ့၏ ဝန်းရံပိတ်ဆို့မှုမှ ကယ်တင်နိုင်ခဲ့သည်။
အဆိုပါ စစ်ရေး အသာစီးရလာမှုသည် အရှိန်အဟုန် ဆက်လက် ကောင်းမွန်နေပြီး ဆနူနီခရိုင်အတွင်းမှ IS တပ်များကိုလည်း မြောက်ဘက် တောင်တန်းများထံ မောင်းထုတ်နိုင်ခဲ့ကြောင်း ကာ့ဒ်တပ်ဖွဲ့ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
အီရတ်စစ်တပ်နှင့်အတူ IS တပ်များကို ပူးပေါင်းတိုက်ခိုက်နေသည့် ကာ့ဒ်တို့အတွက် ယခုအခြေအနေ သည် အကြီးမားဆုံး အောင်ပွဲတစ်ရပ် သဖွယ်လည်း ဖြစ်လာသည်။ ဆွန်နီ မွတ်ဆလင် အစွန်းရောက် များဖြစ်သည့် IS တပ်များသည် ယခုနှစ် အစောပိုင်းက အီရတ်နှင့် ဆီးရီးယားပိုင် နယ်မြေ အများအပြားကို သိမ်းယူကာ နိုင်ငံတကာက အသိအမှတ်မပြုသည့် အစ္စလာမ်မစ် နိုင်ငံတစ်ခု ထူထောင်ကြေညာခဲ့ပြီး ထိုအတောအတွင်း ရှီးဟိုက်မွတ်ဆလင်များ၊ မွတ်ဆလင် မဟုတ်သူများကို ဖိနှိပ်သတ်ဖြတ်ခဲ့သည်။
ဆင်ဂျာတောင်တွင်မူ ပိတ်မိနေသူများကို ရွှေ့ပြောင်းပေးနေဆဲဖြစ်ကြောင်း ကာ့ဒ် စစ်ဘက်အရာရှိတစ်ဦး
ဖြစ်သည့် ဇိမ်းအလီက ဆိုသည်။“ကျွန်တော်တို့ ဒုက္ခသည်တွေကို ဘေးလွတ်ရာ ရွှေ့ပေးနေတယ်။ ပြီးတော့ IS တပ်တွေရဲ့ တန်ပြန်ထိုးစစ် ကြုံလာနိုင်တဲ့အတွက် ခံစစ်အထိုင်နေရာပြန်ချနေပါတယ်။ အဲဒီနောက်မှာ
တော့ IS တပ်တွေကို လိုက်ပြီး ချေမှုန်းသွားဦးမှာပါ”ဟု အလီက ပြောကြားခဲ့သည်။
ဆင်ဂျာတောင်သည် ကာ့ဒ်မျိုးနွယ်များအတွက် အရေးပါသည့် အထိမ်းအမှတ် နေရာတစ်ခုဖြစ်ပြီး IS တပ်ဖွဲ့တို့၏ လပေါင်းအတန်ကြာ သိမ်းပိုက်မှုကို ခံခဲ့ရပြီးနောက် ယခုအခါ ကာ့ဒ်တို့က ပြန်လည် တိုက်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
7day

မှတ်ချက်များ