ညင်းထွေးဘုန်းကြီးပျံတွင် မီးရှူးမီးပန်းတလုံး လူကြားထဲ ပြုတ်ကျ၍ လူ ၂၀ ကျော် ဒဏ်ရာရ


ဇန်နဝါရီလ ၄ ရက်နေ့က ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ညင်းထွေး ဆရာတော်ဘုန်းကြီးပျံ မီးသဂြိုင်္လ်ပွဲတွင် မီးရှူးမီးပန်း ဖောက်ရာ မီးရှူးမီးပန်းတစ်လုံး မပေါက်ကွဲဘဲ လူကြားထဲ ပြုတ်ကျပြီး ပေါက်ကွဲ သောကြောင့် လူ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မီးရှူးမီးပန်းသည် လူကြားထဲကို ပြုတ်ကျ၍ ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား ၁၆ ဦး ဒဏ်ရာရရှိပြီး ၆ ဦးက အပြင်းအထန် ဒဏ်ရာရရှိသောကြောင့် ထားဝယ်ဆေးရုံကြီးတွင် အရေးပေါ်လူနာဖြစ် ကုသခံယူနေ ရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများမှ အမျိုးသမီး ၄ ဦးနှင့် ကလေး ၄ ဦးတို့တွင် မျက်စိ၊ ကျောကုန်း၊ ခြေထောက်ဒဏ်ရာ များ ရရှိခဲ့ပြီးအမျိုးသားတဦးမှာ နှဖူးဒဏ်ရာများရရှိခဲ့သောကြောင့် ကျန်းမာရေးဌာနမှ ကျန်းမာရေးလုပ်သား များက လူနာများကို ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

"ညက ဆေးရုံတင်လိုက်ရတာ လူ ၁၉ ဦး ဆေးရုံပေါ်မှာ ကုသမှုခံယူနေတယ်။ ဒဏ်ရာရသူ အားလုံး ၂၀
ကျော်တယ် အချို့ကတော့ ဆေးရုံအထိ မလာတော့ဘူး။ ဆေးရုံကိုရောက်တာ ည ၁၂ နာရီ ၅ မိနစ်အလို မှာ ရောက်ကြတယ်။ ဖြစ်တာက ၁၀ နာရီနဲ့ ၅၅ မီနစ်မှာ ဖြစ်တယ်။ မီးရှူးက အပေါ်ကနေ မြေပြင်ပေါ်ကို
ပြန်ကျလာတယ်" ဟု ဒေသခံတဦးက ရှင်းပြခဲ့သည်။

ညင်းထွေးဆရာတော်သည် သက်တော် ၉၃ နှင့် သိက္ခာတော် ၇၂ ရှိပြီး လွန်ခဲ့သည့် ၈ လခန့်ကပျံလွန်တော် မူခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့ည ၁၀ နာရီတွင် မီးသဂြိုင်္လ်ခဲ့သည်။

Tavoyan Voice

မှတ်ချက်များ