မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ ၃ သန်းကျော်တွင် အသက် ၁၈ နှစ်အောက်အရွယ်များ၏ အသုံးပြုသူ ရာခိုင်နှုန်းမှာ ၁၂.၆ ရာခိုင်နှုန်းကျော်ရှိကြောင်း Amara Digital Marketing Agency ၏ Facebook application ဖြင့် ကောက်ယူထားသော စစ်တမ်းအရ သိရသည်။ ယခုလက်ရှိ ပြည်တွင်း Facebook အသုံးပြုသူသုံးသန်းကျော်တွင် အရွယ်မရောက်သေးသည့် အသက် ၁၈ နှစ်အောက် အသုံးပြုသူ အရေအ တွက် အတိအကျမှာ ၃၈၀, ၀၀၀ ဖြစ်သည်။
ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုမှု သိသိသာသာ မြင့်တက်လာခြင်းနှင့် ကျောင်းနေအရွယ် ကျောင်းသားများ မိုဘိုင်းဖုန်း အသုံးပြုနှုန်း တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ အသက် ၁၈ နှစ်အောက် Facebook သုံးစွဲသူ များ များပြားလာရခြင်းဖြစ်ကြောင်း သိရသည်။
“မိဘတွေက နဝမတန်းမှာမိုဘိုင်းဖုန်းတစ်လုံး အသုံးပြုခွင့် စပေးတယ်။ အဓိကကတော့ မိသားစုနဲ့ အဆက် အသွယ် ရှိအောင်လို့ပါ။ ဒီနှစ်မှာတော့ မိုဘိုင်း အင်တာနက်ကိုထည့်ထားပြီး Facebook စသုံးဖြစ်တယ်။ Facebook ပေါ်ကနေ သတင်းတွေ ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်တွေ လုပ်ဖြစ်တယ်” ဟု အသက် ၁၆နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး ကပြောသည်။
ယခုကဲ့သို့ပြည်တွင်း Facebook အသုံးပြုသူများတွင် အသက်၁၈ နှစ်အောက်အသုံးပြုသူ အများစုသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် အသုံးပြုမှု အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသက် ၁၈ နှစ် အောက် အရွယ်များ၏ Facebook အသုံးပြုမှုများကြောင့် မိဘများ၏ စိုးရိမ်မှုအချို့လည်းရှိလာကြောင်း စုံစမ်းသိရ သည်။
“သားသမီးတွေ ကျောင်းသွားတဲ့အခါ မိသားစုနဲ့ အဆက်အသွယ်ရအောင် ဖုန်းသုံးခွင့်ပေးထားတယ်။ ဒါပေမဲ့ အခုခေတ်က နည်းပညာပိုင်း တအားတိုးတက်လာတော့ မိုဘိုင်းဖုန်းသုံးရင် အင်တာနက် ဆိုတာကို ခွင့်မပြုလို့လည်း မရဘူး။ အဲ့ဒါကြောင့် မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးတာ ခွင့်ပြုထားတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း စိုးရိမ်နေရတာမျိုး ရှိတယ်။ ကလေး အရွယ်တွေမှာ ဒီလို လူမှုကွန်ရက်ကနေ တစ်ဆင့် မလိုလားအပ်တဲ့ အန္တရာယ်တွေ ဆိုတာရှိနိုင်တယ်” ဟု တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး၏ မိခင်ဖြစ် သူတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ ၃ သန်းတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် အသုံးပြုသူဦးရေမှာ ၂.၈ သန်းရှိပြီး အသက် ၂၀နှင့် ၃၀ ကြား အသုံးပြုသူအရေ အတွက်မှာ ၁.၇၂ သန်းနှင့် အများဆုံး ဖြစ်သည်။
ယုဇနကိုကို | InternetJournal

မှတ်ချက်များ