သာဝတ္ထိပြည်၏ ပြယုဂ်နောက်မှ အမှား
ဒီမိုကရေစီခေတ် ပထမငါးနှစ်သက်တမ်းကုန်ခါနီးလေ ‘‘သားလေးသား’’ကို အခြေပြုပြီး မတည်ငြိမ်မှုတွေ တိုးပွားလေဖြစ်လာပါတယ်။ ပထမ ‘‘သား’’ဖြစ်တဲ့ ကျောင်းသားတွေအနေနဲ့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ စစ်ကြောင်းတွေ ချီတက်လာကြရာမှာ ဘေးဘယာတွေ ကင်းဝေးစေဖို့ ဆုတောင်းပေးကြ ရင်း လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘောတူညီမှု မရရှိသေးတဲ့အပြင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ညအိပ်ခွင့်မပေးတဲ့အထိ လူမှုရေးအရ ရိုင်းပျတဲ့ တုံ့ပြန်မှုများကြောင့် ပြည်သူတွေ စိတ်ဝမ်းချမ်းမြေ့မှု မရှိရုံမျှ မက ရင်တမမ ဖြစ်နေကြရပါတယ်။
ဒုတိယသားဖြစ်တဲ့ တပ်မတော်သားတွေထဲက မကြုံ စဖူး အရာရှိအဆင့်ကပါ တရားဥပဒေကို ချိုးဖောက်ပြီး
ပြစ်မှုကျူးလွန်မှု သတင်းနဲ့ စစ်ဘက်အကျဉ်းစခန်းကို ဖောက်ထွင်းပြီး တရားခံများ ထွက်ပြေးလွတ်မြောက် သွားတဲ့ သတင်းတွေကြောင့်လည်း ပြည်သူတွေမှာ စိတ်လက်မချမ်းမြေ့နိုင်ခဲ့ကြပါဘူး။ တတိယသားဖြစ်တဲ့ ဘုရားသားများအနက်မှ ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင် သံဃာတော်တစ်ပါးက ကုလသမဂ္ဂအဆင့်မြင့် အရာ ထမ်းတစ်ဦးအပေါ် ဝေဖန်ပြောဆိုရာမှာ ရင့်သီးတဲ့အသုံးအနှုန်းတွေ ပါဝင်မှုဂယက်ကလည်း အပြင်း အထန်ရိုက်ခတ်ပြီး အရှိန်သေမှ သေနိုင်ပါ့မလားလို့ စိုးရိမ်ပူပန်မှုတွေ ခံစားနေကြရပြန်ပါတယ်။
အဲဒီအထဲမှာ နောက်ထပ်ပြဿနာတစ်ခုက လာပြန်ပြီ။ မြေသားဆိုတဲ့ ‘‘စတုတ္ထသား’’ရဲ့ ပြဿနာပါပဲ။ ရန်ကုန်မြို့က ၁၄၂ ဧကကျော် ကျယ်ဝန်းတဲ့ ကျိုက္ကဆံကွင်းကြီးမှာ အား/ကာသိပ္ပံကို နိုင်ငံတကာအဆင့်မြှင့်တင်မှု အခြေပြု ပြီး စီးပွားရေးအဆောက်အအုံတွေပါ တည်ဆောက်မယ်ဆိုတဲ့ အစီအစဉ်တစ်ရပ် ပေါ်ထွက်လာခြင်းပဲ ဖြစ် ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်မြို့ကြီးမှာ အများပြည်သူအသုံးပြုနိုင်မယ့် မြေဆိုတဲ့ (Public Land) တွေ အမြောက်အမြား ဆုံးရှုံးခဲ့ပါပြီ။ အထပ်မြင့်အိမ်ရာ၊ ရှော့ပင်းစင်တာ၊ စူပါမားကက်တွေကြောင့် ကစားကွင်း၊ ပန်းခြံ၊ မြေကွက်လပ် (Open Space)၊ မီးတားကွက်(Fire Escape) ဆိုတာတွေဟာ‘‘ရှင်နည်း ရာ အဂ္ဂလူထွက်’’ ဆိုသလို တစ်စတစ်စ ပျောက်ကွယ်ကုန်ပါပြီ။ ဒါကြောင့် နိုင်ငံတော်သမ္မတထံ လုပ်ကိုင် ခွင့်တောင်းခံထားကြောင်း သိရှိရတဲ့ ၁၄၂ ဧကကျော် ကျိုက္ကဆံကွင်းစီမံကိန်းဆိုတာ အကြီးမားဆုံး ‘‘အဂ္ဂစီမံကိန်း’’ ကြီးသာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အထူးသဖြင့် အစိုးရအဖွဲ့သက်တမ်းကုန်ခါနီးမှာ ပြည်သူ့မြေတွေ ဧကရာချီဆုံးရှုံးပြီး စီးပွားရေးလုပ်ငန်းရှင်
တွေဆီ ရောက်သွားခဲ့တဲ့ သာဓကရှိနေခဲ့တာမို့ ‘‘နောက်တစ်ခါလာပြန်ပြီတဲ့ဟေ့’’လို့ အော်ရမလို ဖြစ်နေပါ တယ်။ ၂၀၁၀ ပြည့်နှစ် မတ်လမှာ လက်ရှိဒီမိုကရေစီအစိုးရကို အာဏာမလွှဲခင် ယခင် နအဖအစိုးရက ရန် ကုန်မြို့မှာရှိတဲ့ ဌာနဆိုင်ရာ မြေကွက်လပ်တွေ၊ အများပြည်သူအသုံးပြုရန် မြေနေရာတွေကို ၂၀၁၀ ခုနှစ်
ဖေဖော်ဝါရီအထိ (အာဏာမလွှဲမီ ရက်ပိုင်းအလိုအထိ) ဧကပေါင်း ၂၀၀ ကျော်ပုဂ္ဂလိကလက်ထဲထုခွဲရောင်း ချပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ ကြမ်းခင်းဈေးရဲ့ ၁၀ ရာခိုင်နှုန်းမျှကိုသာ ပေးသွင်းကြရပြီး ကျန်ရှိတဲ့ငွေတွေကို ဒီမိုကရေစီအစိုးရလက်ထက်အထိ အကြွေးကျန်များအဖြစ် ထားရစ်ခဲ့ပါတယ်။ မြေတွေကတော့ပါ သွားပါပြီ။
ရောင်းစားသူနဲ့ လက်ဝယ်လှောင်ထားသူများကြောင့် မြေဈေးတွေ တစ်ဟုန်ထိုးတက်ခဲ့တဲ့ဒဏ်ကို ပြည် သူတွေ ခါးစည်းခံနေရတာ ယနေ့အထိပါပဲ။
ဒါကြောင့် ပွဲဦးထွက် ဒီမိုကရေစီအစိုးရဟာ ‘‘မြေဆုံးကြွေးတောင်းအစိုးရ’’ ဖြစ်သွားတဲ့အပြင် အိမ်ဈေး၊ မြေ
ဈေးတက်တဲ့အတွက် စီးပွားရေးအရသာမက နိုင်ငံရေးအရပါ အစိုးရနဲ့ ပြည်သူကိုများစွာ ထိခိုက်စေခဲ့
ကြောင်း အထင်အရှားတွေ့ရှိရပါတယ်။ ယခုကျိုက္ကဆံကွင်းမှ မြေကလည်း စုစုပေါင်းဧကရာကျော်ရှိပါတယ်။ အစိုးရရဲ့သက်တမ်းကလည်း ကုန်ခါနီးနေပါပြီ။ ဒါကြောင့် ဒီအချိန်မှာ ဒီစီမံကိန်းပေါ်လာတာ အတိတ်က အစိုးရအပြောင်းမှာ ကြုံရတဲ့ပုံစံနဲ့ ထပ်တူနီးပါးပဲလို့ ဆိုချင်ပါတယ်။
နောက်ပြီး မြို့ပြဗဟို (Central Business District) ထူထောင်ဖို့အထိ စီစဉ်ထားကြောင့် သတင်းရှိပြန်ပါ တယ်။ လက်ရှိ မရမ်းကုန်းမှာ မြို့ပြရဲ့ ဒုတိယဗဟို (Secondary Centre) စီမံကိန်းဆိုပြီး သတ်မှတ်ထား တာ အားလုံးအသိပါပဲ။ အကောင်အထည်ပေါ်လာတာ မတွေ့ရသေးပါဘူး။ ကျိုက္ကဆံကွင်းကို တတိယဗ ဟိုအဖြစ် အကောင်အထည်ဖော်မှာလား။ အဲဒါကို JICA နဲ့ ရေးဆွဲနေတဲ့ ရန်ကုန်မြို့ရဲ့ ပင်မစီမံကိန်း (Master Plan) ထဲမှာ ပါဝင်ပြီးသားလား၊ မပါသေးတာကို ခါတော်မီ ပြယုဂ်ကောင်းအောင် ဆွဲထည့်မှာ လား။ မြေအသုံးပြုမှု အပါအ၀င် လူနေဒေသစီမံကိန်း (Spatial Plan) နဲ့ကော ဘယ်လိုပေါင်းစပ်မှုရှိသလဲ။ အဖြေအားလုံးကိုပေးနိုင်ဖို့ ပညာရှင်တွေရဲ့ အမြင်တွေရယူရမယ့်အပြင် ပြည်သူ့အသံကြားနာမှု (Opinion Hearing) တွေကိုပါ အခြေခံဖို့ အလွန်လိုအပ်ပါတယ်။
အိမ်ရာတွေပါတဲ့ စီမံကိန်းဖြစ်တယ်ဆိုရင်လည်း စီးပွားရေးအရ တွက်ခြေကိုက်တဲ့ (Commericial Housing) စီမံကိန်းတွေပဲဖြစ်မှာ သေချာပါတယ်။
ရန်ကုန်မြို့မှာ အများဆုံးလိုအပ်နေတာက လူမှုရေးအိမ်ရာ (Social Housing) လို့ခေါ်တဲ့ ၀င်ငွေနည်းပြည် သူတွေအတွက် ပြည်သူ့အိမ်ရာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအ စဉ်နဲ့ ဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာဆိုတာ လုံးဝမရှိသေးတာ ၀မ်းနည်းဖွယ်ကောင်းပါတယ်။ မန္တလေး တိုင်းဒေသကြီးအစိုးရက မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာကို အထူးဦးစားပေးဆောက် လုပ်ခဲ့တာနဲ့ နှိုင်းယှဉ် ကြည့်ရင် တစ်ပန်းရှုံးနေပါတယ်။
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို လူမှုရေးအိမ်ရာတွေထဲ ဘယ်လိုစီးဝင်လာအောင် လုပ်မလဲဆိုတဲ့ အဖြေကို မစဉ်း စားဘဲ ‘‘မြတ်မယ်ထင်ရင် ဆောက်သာဆောက်’’ဆိုတဲ့ ပေါ်လစီနဲ့ ပြည်သူ့မြေတွေကို စီးပွားရေးလုပ်ငန်း ရှင်တွေလက်ထဲကို အပ်ပြီးရင်းအပ်နေတာ အလွန်များနေပါပြီ။ ‘‘ပြည်သူ့မြေကိုယူ၊ ချမ်းသာသူကိုပေး’’ (Get the public land and give to the rich)ဆိုတဲ့ မြေယာမူဝါဒမျိုး လုံးဝမဖြစ်သင့်ပါဘူး။
ကျိုက္ကဆံကွင်းကို ပြည်သူ့မြေလို့ ဆိုရတာက အဲဒီမြေဟာ မဆလအစိုးရလက်ထက်မှ စတင်ပြီး အိုးအိမ်ဦးစီး ဌာနပိုင်မြေ ဖြစ်ပါတယ်။ အိုးအိမ်ဦးစီးဌာနပိုင်မြေဆိုတာ နိုင်ငံပိုင်မြေတစ်နည်းအားဖြင့် ပြည်သူ့မြေပါပဲ။ ဒါကြောင့် ပြည်သူနဲ့ဆိုင်တဲ့ အခမ်းအနားတွေ၊ ပြပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးနိုင်ခဲ့တာပါ။ လူထု စည်းဝေးပွဲကြီးတွေ (Massrally) ကျင်းပနိုင်ဖို့ ကျိုက္ကဆံကွင်းတစ်ခုသာ အကျယ်ဝန်းဆုံးနေရာအဖြစ် ရန်ကုန်မြို့မှာ ကျန်ရှိပါတယ်။ ဖဆပလခေတ်က ရွေးကောက်ပွဲနီးပြီဆိုရင် ပါတီတွေ မဲဆွယ်တရားဟော တဲ့ နေရာတွေအဖြစ် သိမ်ဖြူကွင်း၊ အာဇာနည်ကုန်း၊ တာမွေနန္ဒ၀န်ကွင်းနဲ့ သင်္ဃန်းကျွန်းအသင်းတိုက်စတဲ့ ကွင်းပြင်ကြီးတွေမှာ ကျင်းပခဲ့ပါတယ်။ ယခုအဲဒါတွေ မရှိသလောက် ဖြစ်ကုန်ပါပြီ။ မဆလခေတ်ကျတော့ အဲဒီနေရာတွေထက် ကြီးကျယ်တဲ့ လူဦးရေသိန်းနဲ့ချီပြီး တက်ရောက်မယ့် လူထုစည်းဝေးပွဲကြီးတွေ၊ အထူးသဖြင့် ပြည်ထောင်စုနေ့စည်းဝေးပွဲကြီးတွေ ကျင်းပနိုင်တဲ့ အကျယ်ဆုံး၊ အကြီးဆုံးကွင်းကြီးအဖြစ် ကျိုက္ကဆံကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အခုကျိုက္ကဆံစီမံကိန်းမှာ နိုင်ငံတကာအားကစားသိပ္ပံပါဝင်မယ်လို့ သိရှိရပါတယ်။ အမှန်က နိုင်ငံတော် ဘတ်ဂျက်(သို့မဟုတ်) ပြည်ပချေးငွေ(သို့မဟုတ်) ပြည်ပအကူအညီနဲ့ ခေတ်မီအားကစားသိပ္ပံတစ်ခု တည်ဆောက်သင့်ပါတယ်။ မတည်ဆောက်နိုင်စရာအကြောင်းလည်း လုံးဝမရှိပါဘူး။ ကျန်တဲ့မြေတွေ မှာလည်း အားကစားအတွက် သုံးသင့်တာသုံးပြီး နိုင်ငံတကာပြိုင်ပွဲတွေ ကျင်းပလို့ရပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံတကာအဆင့်ပြိုင်ပွဲကျင်းပဖို့ ရေကူးကန်ပင် ကောင်းကောင်းမရှိသေးပါဘူး။ နောက်ဆုံးအားကစား
အတွက်သုံးတဲ့ မြေဧရိယာတွေ ချန်လှပ်ပြီး ပိုတဲ့မြေကို ပြည်သူ့မြေအဖြစ် မူလအတိုင်း ပြည်ထောင်စုအစိုး ရကို ပြန်လည်အပ်နှံမှသာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှာ ဖြစ်ပါတယ်။ အားကစားဝန်ကြီးဌာနမြေ ဆိုပေ မယ့် အခြားနည်းလွှဲပြောင်းသုံးစွဲနိုင်တဲ့ အခွင့်အရေးမရှိပါဘူး။ အားကစားကိစ္စသာ သုံးရမှာပါ။ ထပ်ဆင့်မြေ ငှားခွင့်လည်း မရှိပါဘူး။
၂၀၀၂ ခုနှစ်မှာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက လွှဲပြောင်းပေးတဲ့ ပြန်တမ်းမှာ (၁) အားကစားကိစ္စအ တွက်သာ အသုံးပြုရန်နဲ့ အခြားနည်းအသုံးပြုခွင့်မရှိကြောင်း (၂)အား/ကာဦးစီးဌာနမှ အသုံးပြုရန် မလိုအပ် သည့်အခါ အဆိုပါမြေကို မြို့/ အိုးဦးစီးဌာနသို့ ပြန်လည်အပ်နှံရန်နှင့် အစိုးရက ပြန်လည်သိမ်းယူမည်ဖြစ်
ကြောင်း စည်းကမ်းချက်နှစ်ရပ်နဲ့ လွှဲပြောင်းပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒါဟာ နိုင်ငံပိုင်မြေကို မည်သည့်ဌာနသို့မဆို ချထားပေးရာမှာ မြေယာဥပဒေများနဲ့အညီသတ်မှတ်ပြဋ္ဌာန်းရတဲ့အချက်များလည်း ဖြစ် ပါတယ်။ အား/ကာဦးစီးဌာနအနေနဲ့ စည်းကမ်းနဲ့အညီ သုံးစွဲမှုမရှိရင် မူလမြေပိုင်ရှင်ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေနဲ့ မူလပြန်တမ်းအတိုင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
နောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေအတွက် M.I.C ခွင့်ပြုချက်ဆိုတာလည်း တည်ဆဲမြေယာဥပဒေပြ ဋ္ဌာန်းချက်
တွေကို ကျော်လွှားနိုင်တဲ့ အမိန့်မဟုတ်သလို ဥပဒေလည်း မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ အထူး သဖြင့် နောင်အခါ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနဲ့ပတ်သက်ပြီး အထက်ပါကိစ္စမျိုးမှာ M.I.C အနေနဲ့ ဆောက်လုပ်
ရေးဝန်ကြီးဌာနရဲ့ သဘောထားကို တောင်းခံရုံမျှသာမက ဌာနဆိုင်ရာများမှ အခြားနည်းဖြင့် မြေအသုံးပြုပြီး စည်းကမ်းဥပဒေချိုးဖောက်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများကို လုံးဝခွင့်မပြုသင့်ကြောင်း အရေးယူဆောင်ရွက်ချက် ကိုပါ တောင်းခံသင့်ကြောင်း အကြံပြုလိုပါတယ်။ ခွင့်ပြုလိုက်ပါက စည်းကမ်းဖောက်ဖျက်မှုကို အားပေးရာ
ရောက်သွားလိမ့်မယ်။
CBD (မြို့ပြဗဟို)လုပ်မှ မြေကြီးတန်ဖိုးရှိမယ်ဆိုတဲ့ အမြင်ဟာလည်း လုံးဝမှားယွင်းနေပြန်ပါတယ်။ ကျိုက္ကဆံ ကွင်းပတ်ပတ်လည်မှာရှိတဲ့ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်နဲ့ ရန်ကင်းမြို့နယ်ဆိုတာ ရန်ကုန်မှာ မြေဈေးအ ကြီးဆုံး မြို့နယ်တွေပါ။ နောက်ပြီးစည်ပင်နေတဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်မှုတစ်ခုကို ပြု လုပ်တာ ဟာ မြေတန်ဖိုးတက်ပြီး ဈေးကြီးလာစေဖို့ မဖြစ်သင့်ပါဘူး။ ဈေးကျဆင်းစေဖို့ပဲ ဖြစ်ရမှာပါ။
ဘာပဲဖြစ်ဖြစ် ကျိုက္ကဆံကွင်းဟာ ပြည်သူတွေအတွက် လူထုစည်းဝေးပွဲ၊ ပျော်ပွဲရွှင်ပွဲတွေအတွက် သုံးစွဲဖို့အ ထူးသင့်လျော်တဲ့ မြေအဖြစ် မျက်မှောက်ခေတ်မှာ အံဝင်ခွင်ကျရှိနေဆဲပါ။ စိမ်းလန်းမြေဧရိယာအဖြစ်လည်း အဖိုးအနဂ္ဃထိုက်တန်နေပြီးသားပါ။ အားကစားသိပ္ပံကိုလည်း ဆောက်ပါ။ သို့သော် အဲဒါကို ပထမပြယုဂ်၊ CBD အသစ်ဆိုတာကို ဒုတိယပြယုဂ်အဖြစ်သုံးပြီး စီးပွားရေးအဆောက်အအုံကြီးတွေ ရောလာရင် ရှေး ယခင် မြတ်ဗုဒ္ဓရဲ့ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းမြေအနီး တိတ္ထိကြီးတွေကျောင်းဆောက်ဖို့ မြေနေရာချပေး တဲ့ ပသေနဒီကောသလဘုရင်ကြီးရဲ့ အမှားနဲ့တူညီသွားမှာ စိုးရိမ်မိပါတယ်။ တိတ္ထိတွေက သူတို့ရဲ့ကျောင်း သင်္ခမ်းအတွက်ပါဆိုတဲ့ ပြယုဂ်နဲ့ မြေတောင်းပြီး ဘုရားသာသနာကို ဖျက်ဆီးဖို့ ကြံစည်ခဲ့ကြတာပါ။ နောက် ဆုံးမှာ ကောသလဘုရင်ဟာ ဘုရားရှင်ဟောကြားဆုံးမလို့ မြေအသုံးပြုခွင့်ချပေးထားတဲ့ အမိန့်ကို ပြန်ပြီး ပယ်ဖျက်ခဲ့တယ်လို့ မှတ်သားခဲ့ရပါတယ်။
ယခုလည်း ပြယုဂ်တွေက ကောင်းပေမယ့် နောက်ကွယ်မှာ ပြည်သူတွေအတွက် သမိုင်းအစဉ်အလာရှိခဲ့တဲ ဒုတိယရင်ပြင်လို စုဝေးနိုင်တဲ့ မြေဧကပေါင်းများစွာ၊ စိမ်းလန်းမြေဧရိယာပေါင်းများစွာကို အစဉ်ထာဝ ရ ပျောက်ကွယ်ဆုံးရှုံးမှုနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်ထဲကို အပြီးအပိုင်ထိုးအပ်လိုက်ကြရ မယ့်အဖြစ်နဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုးရွားဆုံးက ပသေနဒီကောသလဘုရင်ဟာ တိတ္ထိတွေကို မြေ ချရာမှာ လာဘ်ယူခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ ဘာပဲဖြစ်ဖြစ် စာရေးသူတို့နိုင်ငံမှာ တာဝန်ရှိသူအားလုံးဟာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် အချိန်ကာလမှာသာမက မျက်မှောက်ခေတ် နိုင်ငံတကာမှာပါ တည်ရှိနေ ဆဲဖြစ်တဲ့ ‘‘ပြယုဂ်နောက်မှ အမှား’’တွေကို လုံးဝရှောင်ရှားနိုင်ကြပါစေ။ နောက်ပြီး မြိ့ပြမြေယာအသုံးပြုမှုမှာ အနာဂတ်မျိုးဆက်အသစ်အသစ်များအတွက် အရန်မြေများထားရှိပေးရမယ့် တာဝန်ကို ကျေပွန်ရုံမျှမက ပညာရှင်အများနဲ့ မြို့ပြပြည်သူအများစုရဲ့ ဆန္ဒသဘောထားကို ဦးစားပေးပြီး စဉ်းစားဆုံးဖြတ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်ခင်ဗျာ ..........။
မြင့်မိုရ်ဆွေ | 7day
_0.jpg)
မှတ်ချက်များ