လောက်ကိုင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း


အစိုးရ တပ်မတော်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲများ အရှိန်အဟုန်မြှင့်လာသဖြင့် စစ်အုပ်ချုပ်
ရေး ကြေညာလိုက်ပြီးနောက် လောက်ကိုင်မြို့၌ ပိတ်မိနေသူများကို ကူညီ ကယ်ထုတ်ပေးနေသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းတွင် ယမန်နေ့ကစပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့်
လောက်ကိုင်မြို့၌ ပိတ်မိနေသူများကို ကားများဖြင့် လားရှိုးမြိုသို့ ကူညီပို့ဆောင်ပေးနေသည့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီကို ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကွမ်းလုံ ဓမ္မစကူးလ်မှ ဆရာမ မချစ်မီးက “ထပ်တက်လို့ မဖြစ်တော့ဘူး။ အခုက ကြက်ခြေနီအလံ ထောင်ထားတာတောင် ပစ်တယ်ဆိုတော့ ထပ်တက်လည်း ပစ်မှာပဲ။ ဒါပေမယ့် ချင်းရွှေဟော်အထိ ရောက်လာတဲ့အဖွဲ့တွေတော့ သွားခေါ်မှာပါ” ဟု ပြောသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် ချင်းရွှေဟော်၊ ကွမ်းလုံနှင့် လားရှိုးမြို့တို့၌ ကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ထွက်ပြေး တိမ်းရှောင်လာသူများ ကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ကုန်ကြမ်းမြို့နယ်၊ မော်ထိုက်မြို့နယ်ခွဲတို့၌ တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒုက္ခသည်များမှာ ထောင်ဂဏန်းအထိ ရှိနိုင်ပြီး လောလောဆယ် အခြေအနေအရ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မလွယ်ကူတော့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဧရာဝတီကို ပြောသည်။

“သူတို့အတွက် စိုးရိမ်မှုတော့ ရှိသွားတာပေါ့။ ကယ်ဆယ်ဖို့လည်း အခက်အခဲ ဖြစ်သွားပြီ။ သူတို့နဲ့ ဖုန်းအ ဆက်အသွယ် ရခဲ့ရင် တနည်းနည်းနဲ့ပဲ ထုတ်လို့ ကယ်လို့ရတော့မှာပေါ့” ဟု ကယ်ဆယ်ရေးလုပ်သား ကိုဇော်မင်းထိုက်က ပြောသည်။

တိုက်ပွဲများအတွင်း ရက်သတ္တပတ်ခန့် ပိတ်မိနေသည့် ဒုက္ခသည်တချို့မှာ လက်ရှိတွင် စားနပ်ရိက္ခာများ ပြတ် လပ်နေပြီ ဖြစ်ကြောင်းလည်း မော်ထိုက်မြို့နယ်ခွဲ ကြက်ခြေနီ ဒုတိယ တပ်ရင်းမှူး ဦးစောရွှေမြင့်က ပြော သည်။

“ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ဖို့ အခု ကျနော်တို့ ညှိနှိုင်းနေတယ်။ တပ်က သူတို့အစီအစဉ်နဲ့ ပြန် ထုတ်ပေးမယ်လို့ ပြောတယ်ဗျ” ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းဒေသတွင် ကယ်ဆယ်ရေးစခန်း တခုရှိပြီး ဒုက္ခသည် ရာနှင့်ချီ ခိုလှုံလျက် ရှိကြောင်း၊ တဘက် တရုတ်နိုင်ငံ၏ နယ်စပ်မြို့ နမ်စန်တွင်လည်း ကယ်ဆယ်ရေးစခန်းတခုရှိ ပြီး ပြည်တွင်းမှ ဒုက္ခသည် ၁၈၀ ကျော် ရှိနေကြောင်းလည်း သိရသည်။

အဆိုပါ တရုတ်ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များမှာ ပြည်တွင်းသို့ ပြန်ဝင်လာချင်သော်လည်း တရုတ် အာဏာပိုင်များက ခွင့်မပြုကြောင်း ကယ်ဆယ်ရေး လုပ်သားတဦးက ဧရာဝတီကို ပြောသည်။

တိုက်ပွဲများကြောင့် လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းအနီးရှိ တရုတ်နယ်စပ် တောင်တန်းများ၌ တရုတ် တပ်မတော်မှ တပ်ဖွဲ့ဝင်များ လုံခြုံရေး ရယူထားသည့်ကို တွေ့မြင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတဦးက ဧရာ ဝတီကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် လောက်ကိုင်မြို့ကို ယခုရက်ပိုင်းအတွင်း တပ်မတော်မှ အကြီးအ ကျယ် ထိုးစစ်ဆင်တော့မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေသည်။

ကျော်မျိုးထွန်း | ဧရာဝတီ

မှတ်ချက်များ