ကျွန်တော်ဘဝင်မြင့်သွားခဲ့တဲ့နေ့


ကျွန်တော်ကျောင်းဆရာဖြစ်တော့ လူပုံက လူကြမ်းရုပ်၊ နာမည်က လူကြမ်းနာမည်ဆိုတော့ ရွာကလည်း ကြောက်၊ ကျောင်းသားတွေကလည်း အစပိုင်းတုန်းက တွေ့တာနဲ့ သေးထွက်ကျတဲ့သူတွေတောင်ရှိတယ်။ အသံကလည်း ကျယ်တော့ အော်သံကြားလိုက်တာနဲ့ ကျောင်းပေါ်မှာ တိတ်ပဲ။ တော မူလတန်းတစ်ကျောင်းမှာ အနည်းဆုံး အတန်းက ငါးတန်း၊ ကျောင်းသားက ၅၀-၆၀ လောက်ရှိတယ်။ တစ်ခါတစ်လေ သင်ရတာက တစ်ကျောင်းလုံး တစ်ယောက်တည်း။ အသံနဲ့ ခြောက်ပြီးသင်ရတာ၊ ကြိမ်လုံးကိုင်တယ်ဆိုရင်တောင် ဟန်ပြ။ ကလေးတွေ လက်ဖဝါးနုနုလေးတွေကို ရိုက်လို့ အရှိုးထင်သွားတာထက်၊ စိတ်ထဲ နှလုံးသားထဲ ဒဏ်ရာရသွားမှာ စိုးရိမ်လို့ ဘယ်တော့မှ မရိုက်ဖြစ်ဘူး။

ကိုယ်ကျောင်းသားဘဝက ရဖူးတဲ့ဒဏ်ရာကြောင့် ကလေးတွေက စိတ်ထဲကသနားပေမယ့် ဆရာ့ ဆရာကြီး တွေက နည်းနည်းဟန်ဆောင်ပြထား ဒါမှ စာသင်လို့ရမှာလို့ ပြောထားတာကြောင့် ရုပ်ကြမ်းကြီးနဲ့ ကလေးတွေ ကို မကြောက်အောင် စာသင်တဲ့ ပညာပါရခဲ့တယ်။

ကျွန်တော့် မူလတန်းဆရာဘဝ လက်ဦးဆရာကြီးတွေက တစ်ယောက်မှ ၁၀ တန်းအောင်တာတွေ မရှိဘူး။ ဒါပေမဲ့ ဘဝနဲ့ရင်းပြီး ရထားတဲ့ ဆရာအတတ်ပညာတွေ သူတို့မှာ အပြည့်ရှိတယ်။ သူတို့က ကျွန်တော်တို့လို ဆရာပေါက်စတွေကို ဆရာ, မလုပ်ဘူး။ သင်တယ်လို့လည်း တစ်ခါမှ မပြောဘူး။ ဒါပေမဲ့ သူတို့ အခြေအနေ အချိန်အခါတွေအလိုက် လက်တွေ့ဘဝကနေ ကျွန်တော်တို့ကို သင်္ခန်းစာပေးသွားတာတွေ အများကြီးပဲ။

တောကျောင်းမှာ နှစ်ပေါင်းများစွာ ဆင်းရဲစုတ်ပြတ်ပြီး ဘဝကို အလုပ်ထဲမှာ နှစ်ထားတဲ့ မူလတန်း ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံခဲ့ရတာ ကျွန်တော် အရမ်းကံကောင်းသွားတယ်လို့ ယူဆပါတယ်။ ဆရာကြီး တွေက မရှိရင် တပည့်တွေဆီက တောင်းမစားဘူး။ ကိုယ်တိုင် ဝါးခုတ်စားတယ်။ ငါးဖမ်းစားတယ်။ ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တတ်ပြီး "ဆရာဆိုတာ…" ဘာလဲဆိုတဲ့ ဘဝနေ⁠နည်း၊ ဘဝသင်နည်းတွေကို အများကြီး ပေးသွားခဲ့လို့ ဒီလောကကို ကျွန်တော် စွဲမြဲသွားခဲ့ရပါတယ်။

ကျွန်တော် တောကျောင်းဆရာဘဝကနေ မြို့ကျောင်းရောက်လာတယ်။ မြို့ကျောင်းကဆရာတွေရဲ့ စရိုက်တွေ အကျင့်တွေက ကျွန်တော်နားလည်ထားတဲ့ ဆရာဆိုတဲ့ ဘဝမျိုးတွေ မဟုတ်ဘူး။ တောမှာက ဆရာဆိုတာ အပေးပဲရှိတယ်။ အယူမရှိဘူး။ မြို့ရောက်တော့ အချိန်ပိုသင်ပြီး ကလေးတွေဆီက ပိုက်ဆံပြန်ယူရမယ် ဆိုတဲ့ စနစ်နဲ့တိုးတယ်။ အဲဒီပိုက်ဆံကို ကျောင်းအုပ်ကြီးဆီ သွားပြန်အပ်လိုက်တယ်။ ဟီးရိုးလုပ်တာ မဟုတ်ဘူး။ ကျောင်းသားမိဘ တစ်ယောက်က ကိုယ့်ရှေ့မှာ (ကျောင်းဆရာမှန်းမသိလို့) သူ့သမီးကို နင်တို့ဆရာတွေ မျိုဆို့ဖို့ အင့်ဆိုပြီး ပိုက်ဆံပစ်ပေးလိုက်တာ ရင်ဝကို အုတ်ခဲနဲ့ လာထုသလို ခံစားလိုက်ရလို့ပါ။

ပျက်စီးနေတဲ့စနစ်ကြီးကို ပြင်ရအောင် ကိုယ်က ဘာကောင်မလည်းမဟုတ်ဘူး။ ဌာနမှာ အရွဲ့တိုက်တာတွေ များလာတော့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ များလာတယ်။ နောက်ဆုံး အလွန်မြတ်နိုးတဲ့ ကျောင်းဆရာဘဝကိုစွန့်လွှတ်ခဲ့ရတယ်။ စွန့်လွှတ်ခဲ့ချိန်အထိ ကျောင်းဆရာဘဝမှာ လုပ်ခဲ့တဲ့ ၂၁ နှစ်လုံးလုံး ကိုယ့်တပည့်တွေအပေါ်မှာ ရိုးသားရှင်းလင်းစွာနေထိုင် ဆက်ဆံခဲ့တာကြောင့် ခုထိကိုယ့်လိပ်ပြာကိုယ်လုံတယ်။

တစ်လောက ဆရာဘဝက အငြိမ်းစားမယူမီ လုပ်ခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာကန်တော့ပွဲဆိုပြီး လာဖိတ်တယ်။ ဒုတိယအကြိမ်ပေါ့။ ပထမအကြိမ်က သွားလိုက်တယ်။ ဆင်းရဲတဲ့ တပည့်လေးတွေက စာအိတ်လေးတစ်အိတ်ပေးပြီး ကန်တော့ကြတယ်။ ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အများကြီးပါ။ ဒါပေမဲ့ အဲဒီစာအိတ်ကို လက်ခံရတာ လိပ်ပြာမသန့်ဘူး။ ကျောင်းသားတွေကလည်း မျက်ရည်လေးတွေဝဲနေဆိုတော့ ယူလိုက်ရတယ်။ ကျောင်းသားဆီက ပထမဆုံး ပိုက်ဆံယူဖူးတာ။ လမ်းရောက်မှ စာအိတ်ဖွင့်ကြည့်တော့ ပိုက်ဆံ ၂၀⁠၀၀⁠၀ ကျပ်ဖြစ်နေတယ်။ မစားရက်ဘူး။ ဘုရားပေါ်တက်ပြီး ကျောင်းနာမည်နဲ့လှူလိုက်တယ်။ ဒီနှစ် ကလေးတွေ ထပ်ဖိတ်တယ်။ မသွားတော့ဘူး။ နွမ်းပါးတဲ့ တပည့်တွေ ဘယ်လောက်စေတနာရှိတယ်ပြောပြော မခံယူရက်ဖူး။

ကျွန်တော့်တပည့်တွေထဲမှာ ဝင်းထိန်ဆိုတဲ့ကောင်ရှိတယ်။ သူက ရူးသွားတယ်။ ရွာထဲမှာ အရမ်းသောင်းကျန်း တယ်။ ဝင်းထိန်လာပြီဆိုရင် ပြေးကြတာများတယ်။ တစ်နေ့ ကျွန်တော် ရွာထဲကိုသွားတုန်း ဝင်းထိန်နဲ့လမ်းမှာ ဆုံတယ်။ ဝင်းထိန်က ကျွန်တော့်ကို လက်အုပ်လေးချီပြီး လမ်းဘေးမှာ ဆင်းရပ်နေတယ်။ အဲဒီကောင်ကို တစ်ခါမှ ဆရာလာရင် လက်အုပ်ချီပြီးနေရတယ်လို့ မသင်ထားဖူးဘူး။ သူက

"ဆရာကြီး …" လို့ တစ်ခွန်းတည်းခေါ်ပြီး ငိုတယ်။

ဒီအချိန်မှာ ကျွန်တော်ဟာ ရူးနေတဲ့ တပည့်တစ်ယောက်က အသိအမှတ်ပြုခင်း ခံလိုက်ရတာ နိုင်ငံတော် သမ္မတ ဂုဏ်ပြုခံရတာထက် ပိုပြီးတော့ ဂုဏ်တက်သွားတယ်လို့ ခံစားမိခဲ့တယ်။

Tin Nyunt

မှတ်ချက်များ