အိုင်အက်စ်လက်မှ တီကရစ်မြို့ကို သိမ်းယူမည့် စစ်ဆင်ရေးတွင် အမေရိကန်လေတပ် ပါဝင်တိုက်ခိုက်


တီကရစ်မြို့ကို သိမ်းယူသည့် စစ်ဆင်ရေး တိုးတက်မှုများ ရပ်တန့်နေသည့်နောက် အမေရိကန် လေတပ်က အီရတ်စစ်တပ်ကို စစ်ကူပေးပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်များကို စတင်ဗုံးကြဲ ခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြု လုပ်ခဲ့သည့်တိုင် တီကရစ် မြို့သိမ်းတိုက်ပွဲတွင်မူ အစောပိုင်းက လက်ရှောင်နေခဲ့သည်။ ယင်းမှာ အီရတ် စစ်တပ်နှင့်အတူ အီရန်နိုင်ငံက ထောက်ခံသည့် ရှီးဟိုက် ပြည်သူ့စစ်များကပါ တီကရစ်ကို ပူးပေါင်းချီတက် တိုက်ခိုက်နေ၍ ဖြစ်သည်။

ယခုအခါတွင်မူ အမေရိကန် တိုက်လေယာဉ်များသည် တီကရစ်ရှိ အိုင်အက်စ် ပစ်မှတ်များကို စတင် တိုက် ခိုက်နေပြီဟု အမေရိကန် စစ်ဘက်က အတည်ပြု ကြေညာခဲ့သည်။အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အေဘာဒီ ကိုယ်တိုင်က အီရတ်စစ်တပ်နှင့် ရှီးဟိုက် ပြည်သူ့စစ်များကို ပံ့ပိုးကူညီပါရန် အကူအညီ တောင်း ခံခဲ့ပြီးနောက် အမေရိကန်က လေကြောင်းပစ်ကူ ပေးခဲ့ခြင်း ဖြစ်သည်။ အီရန် အစိုးရက အဓိက စီစဉ်ခဲ့ သည့် တီကရစ် ထိုးစစ်သည် အစပိုင်းတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိုင်အက်စ်တပ်များက တစ်ကျော့ပြန် အသာစီး ရလာသည်။

“အမေရိကန်လေတပ်ရဲ့ တိုက်ခိုက်မှုတွေဟာ တီကရစ် အနီးတဝိုက်က စစ်သွေးကြွ အခြေစိုက် နေရာတွေ ကို ဖျက်ဆီးပစ်ဖို့ အဓိက ရည်ရွယ်ပါတယ်”ဟု အမေရိကန် ဗိုလ်မှူးချုပ် ဂျိမ်းစ်တယ်ရီက ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန် အနေဖြင့် တီကရစ် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ရန်မှာမူ လက်ရှောင်နေဆဲ ဖြစ်သည်။ လေကြောင်းပစ်ကူ ပေးမှုတွင် မြို့၏ အခြေခံ အဆောက်အအုံများ ထိခိုက်နိုင်ခြေကို အနိမ့်ဆုံး ဖြစ်စေရန် သတိပြု ဆောင်ရွက်ခဲ့ကြောင်းလည်းဗိုလ်မှူးချုပ် တယ်ရီက ဆိုသည်။

အိုင်အက်စ်တို့၏ တုံ့ပြန်မှုကြောင့် ရပ်တန့်နေသည့် အီရတ် မြေပြင်ထိုးစစ်သည်လည်း မတ်လ ၂၅ရက်
တွင် တစ်ကျော့ပြန် စတင်လာပြီး အိုင်အက်စ်တို့ ခြေကုပ်ယူထားသည့် နေရာများကို တိုက်ခိုက်နေပြီဟု သိရှိရသည်။ အမေရိကန်၏ လေကြောင်းပစ်ကူ ပေးမှုသည် တီကရစ်ရှိ အိုင်အက်စ် တပ်များကို အင်အား ယုတ်လျော့စေပြီး မြို့ကို အီရတ်အစိုးရ ပြန်လည် ထိန်းချုပ်နိုင်ရေး ကူညီရန်သာ အဓိက ရည်ရွယ်ကြောင်း အမေရိကန် စစ်ဘက် ကြေညာချက်တွင် ဖော်ပြထားသည်။

7Day

မှတ်ချက်များ