စတုတ္ထတန်း မြန်မာစာမေးခွန်းစာလုံးပေါင်းအချို့ လွဲမှားဖော်ပြ


မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်မှ စစ်ဆေးသော အခြေခံပညာစတုတ္ထတန်းစာမေးပွဲ မြန်မာစာမေး ခွန်းလွှာတွင် လွဲမှားမှုနှင့် စာလုံးပေါင်းမှားယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ကျောင်းသားမိဘများက ပြောသည်။

ခရိုင်စစ်နှင့် တိုင်းစစ်စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများကို ဖေဖော်ဝါရီ ၁၉ ရက်က စတင် စစ်ဆေး ခဲ့ရာ မန္တလေးခရိုင်မှ စစ်ဆေးသော မြန်မာစာမေးခွန်းလွှာတွင် စာလုံးပေါင်းသတ်ပုံအချို့ လွဲမှားနေခြင်း ဖြစ်သည်။

မှန်ကန်သော စာလုံးပေါင်းသတ်ပုံရွေးချယ်စရာတွင် ‘‘မြားဆိတ်’’ နှင့် ‘‘မြှားဆိပ်’’ဟူ၍ မှားယွင်းနေသော စာလုံးပေါင်းနှစ်ခုကို ဖော်ပြကာ ရွေးချယ်ဖြေဆိုစေ ခဲ့သည်။ ထို့အပြင် ကွက်လပ်ဖြည့် မေးခွန်းတွင် ‘‘ကွက်လက်’’၊ ‘‘သိုးတစ်အုတ်’’ဟူ၍ စာလုံးပေါင်းမှားယွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

‘‘သမီး စာမေးပွဲဖြေတာပါ။ ဟထိုးပါတဲ့ ဒုတိယတစ်ခုဖြေခဲ့တယ်လို့ ပြောတယ်။ နှစ်ခုစလုံး မှားမှန်း သူသိနေ တယ်။ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဖြေတဲ့ ကလေးမှားရင် စာမေးပွဲကျနိုင်တယ်။ မေးခွန်းမှားရင် တာဝန်ရှိတဲ့သူက ဘယ်လို တာဝန်ယူမှာလဲ’’ဟု မန္တလေးမြို့မှ စတုတ္ထတန်းကျောင်းသူတစ်ဦး၏ ဖခင် ဦးစိုးထွန်းက ပြောသည်။

မြန်မာစာမေးခွန်းလွှာတွင် မှန်ကန်သော သတ်ပုံရွေးချယ်မှုအတွက် ၁၀ မှတ်နှင့် ကွက်လပ်ဖြည့်စွက်မှုအ တွက် အမှတ် ၂၀ ပေးထားသည်။ စတုတ္ထတန်းမေးခွန်းလွှာတွင် စာလုံးပေါင်းသတ်ပုံအချို့ လွဲမှားနေမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ ဆက်သွယ်ခဲ့ရာ ခရိုင်ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန် ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ယခင်နှစ် ဒီဇင်ဘာက စစ်ဆေးခဲ့သော ခရိုင်စစ် စတုတ္ထတန်းအစမ်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် စစ်ဆေးသော မြန်မာစာမေးခွန်းလွှာတွင် ‘‘ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု မွေးနေ့မှားယွင်းဖော်ပြခဲ့သည်။

နေလင်းထွန်း | 7Day

မှတ်ချက်များ