အီရတ်အနောက်ပိုင်း မြို့တစ်မြို့တွင် လူ(၄၅)ဦးခန့်ကို အိုင်အက်စ်တပ်ဖွဲ့များ မီးရှို့သတ်ဖြတ်


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် အီရတ် အနောက်ပိုင်းရှိ ၎င်းတို့ ထိန်းချုပ် ထားရာ မြို့တစ်မြို့တွင် လူ(၄၅)ဦးခန့်ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အယ်လ်ဘဂ္ဂဒက်ဒီမြို့သည် မကြာသေးမီက အိုင်အက်စ်တို့လက်သို့ ကျရောက်သွားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကြမ်းတမ်းရက်စက်စွာ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရသေးဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဆိုသည်။ အိုင်အက်စ် တပ်များသည် မကြာသေးမီကလည်း လစ်ဗျားပိုင်နက်အတွင်းတွင် အီဂျစ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင် (၂၁)ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့သေးသည်။

“အယ်လ်ဘဂ္ဂဒက်ဒီမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်တဲ့ အိုင်အက်စ်ရဲ့ ရည်ရွယ်ချက်ကို
တော့ သေချာ မသိသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာက အဲဒီထဲက တချို့ဟာ အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေလို့ ယူဆရပါတယ်”ဟု အီရတ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကွာဆင်မ်အယ်လ် အိုဘိုင်ဒီက ပြောကြားခဲ့သည်။

အိုင်အက်စ် တပ်ဖွဲ့များသည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ထားသလို အစိုးရဩဇာ ယုတ်လျော့ ကျဆင်းနေသည့် လစ်ဗျားနိုင်ငံတွင်လည်း စတင်ခြေဆန့် လှုပ်ရှားလျက် ရှိသည်။ အီရတ် ပိုင်နက်အတွင်းရှိ အယ်လ်ဘဂ္ဂဒက်ဒီမြို့မှာ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ နေရာယူထားသည့် အိန်းအယ်လ်အေဆာ့ဒ် လေတပ်စခန်းနှင့် နီးကပ်စွာ တည်ရှိသည်။

အိုင်အက်စ် တပ်ဖွဲ့သည် ၎င်းတို့ ဖမ်းဆီးရမိသည့် သုံ့ပန်းများကို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများ
ဖြင့် သတ်ဖြတ်လေ့ရှိပြီး ယခုလ အစောပိုင်းကလည်း ဂျော်ဒန် တိုက်လေယာဉ်မှူး တစ်ဦးကို လှောင်အိမ် ထဲထည့်ကာ မီးရှို့သတ်ဖြတ်ခဲ့သည်။ အဆိုပါ လေယာဉ်မှူးသည် ဒီဇင်ဘာလအတွင်းက ဆီးရီးယားရှိ အိုင် အက်စ် ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်စဉ် လေယာဉ်ပျက်ကျပြီး အဖမ်းခံရခြင်း ဖြစ်သည်။

အယ်လ်ဘဂ္ဂဒက်ဒီမြို့ကို အိုင်အက်စ်နှင့် မဟာမိတ် ဆွန်နီအစ္စလာမ်မစ် ဒေသခံ တိုင်းရင်းသားတပ်များက ယခုနှစ်ဆန်းပိုင်းတွင် ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ယခုအခါ မြို့၏ အစိတ်အပိုင်း အားလုံးနီးပါး အိုင်အက်စ် တို့လက် ကျရောက်နေပြီ ဖြစ်သည်။

အယ်လ်ဘဂ္ဂဒက်ဒီနှင့် (၅)မိုင်မျှ အကွာရှိ အိန်းအယ်လ်အေဆာ့ဒ် လေတပ်စခန်းတွင် အီရတ် အမှတ်(၇) တပ်မ အခြေစိုက် နေရာယူထားပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် (၃၂၀)ခန့်လည်း ရှိနေကြောင်း သိရှိရ သည်။

7day

မှတ်ချက်များ