ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁၁ ရက် ပြန်လည်ပြုလုပ်မည်


အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် ပြန်လည်ပြုလုပ်ရန် အကြိုတွေ့ဆုံပွဲ ၌ သဘောတူညီကြသည်။

ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ကြီးများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံ လုံးဆိုင်ရာကွန်ရက် (NNER) နှင့် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များသည် အဆင့်မြင့် ပညာ
ရေးဦးစီးဌာန(အောက်မြန်မာပြည်)တွင် ယမန်နေ့က အကြိုတွေ့ဆုံခဲ့ကြသည်။

ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်သော လေးပွင့်ဆိုင် ဆွေးနွေးပွဲအဆင်မပြေဖြစ်၍ ဖေ ဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း၌ပြုလုပ်ရန် သမ္မတ မှတ်ချက်ဖြင့် ၀န်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သော်လည်း ပြည်ထောင်စုနေ့ မတိုင်မီ ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်။

‘‘သတင်း မီဒီယာတွေကို အဖွင့်ချိန်မှာ ၀င်ခွင့်ပြုပြီး ဆွေးနွေးချိန်မှာ အပြင်ပြန်ထွက်ဖို့ ညှိနှိုင်းဆောင်ရွက်သူ နှစ်ဦး ထားဖို့၊ တစ်ဖွဲ့ကို ၂၀ ဦးစီ ၀င်ခွင့်ပြုဖို့နဲ့ ဆွေးနွေးပွဲပြီးချိန်မှာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးစီက သတင်း ထုတ် ပြန်ဖို့ သဘောတူညီခဲ့ပါတယ်’’ ဟု အကြိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော NNER မှ ကိုစိုးထွန်း ကပြောကြားသည်။

ဆွေးနွေးပွဲတက်ရောက်မည့် ကျောင်းသားကိုယ်စားလှယ်များသည် လက်ရှိလှုပ်ရှားနေသော ကျောင်းသား သပိတ်စစ်ကြောင်းများအားလုံးကို ကိုယ်စားပြုသော ကျောင်းသားများ ပါဝင်ရန် သတ်မှတ်ကြောင်း သဘော တူညီကြသည်။

ထို့အပြင် လေးပွင့်ဆိုင်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ကြိုတင်ပေးပို့ရန်နှင့် ဆွေးနွေးပွဲမှတ်တမ်းယူ ရန် အချိုးကျ ၀င်ခွင့်ပြုမည်ဖြစ်ကြောင်း သဘောတူကြသည်။

ပညာရေးလေးပွင့်ဆိုင်ဆွေး နွေးပွဲ အကြိုတွေ့ဆုံမှုကို ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နေ့ လယ် ၂ နာရီမှ ညနေ ၆ နာရီထိ ဆွေးနွေညှိနှိုင်းမှုများ ပြုလုပ်ခဲ့ ပြီးနောက် ဆွေးနွေးပွဲကို ဆောလျင်စွာ ပြန်လည်ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုထားသော အချက် ၁၁ ချက်အပေါ် အခြေခံ၍ ဆွေးနွေးကြမည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁ ရက်က တွေ့ဆုံစဉ် အစိုးရက လိုက်လျောမည့် အချက် ခုနစ်ချက်ကို တင်ပြထားပြီး ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဆွေးနွေးပွဲမူ
ဘောင် ကိုးချက်ကို တင်ပြထားသည်။ ရန်ကုန်မြို့သို့ ဦးတည်ချီတက်လာသော ကျောင်းသား သပိတ် စစ်ကြောင်းများနှင့် အာဏာပိုင်များ ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်လွှဲနိုင်ရန် အစိုးရ၊ လွှတ်တော်၊ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် NNER တို့၏ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အဆင်ပြေချော
မွေ့မှုက အရေးကြီးနေသည်။

နေလင်းထွန်း | 7day

မှတ်ချက်များ