မိဘတွေရဲ့ပြသနာဟာ ကလေးတွေအပေါ် ဘယ်လောက်သက်ရောက်သလဲ ?
လူမှုလောက မှာ လူတွေဟာ လူ့ယဉ်ကျေးမှုနဲ့အညီ အိမ်ထောင်ပြုသားမွေး၊ မိသားစုအသိုက်အမြုံလေးကို ထူထောင်ပြီး လူသားမျိုးဆက်သစ်လေးတွေကို မွေးထုတ်ကြရပါတယ်။လောကပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူသားတွေဖြစ်မြောက်လာအောင် ပြုစုပျိုးထောင်ပေးကြရပါတယ်။ ဒီလိုလောကကြီး ကိုအလှဆင်နိုင်ဖို့ အားထုတ်ကြရာမှာ သက်ဆိုင်ရာနယ်မြေ၊ရေမြေကိုလိုက်ပြီး အသီးအနှံတွေဟာ အောင်မြင်ကြတာရှိသလို ရေမြေမကောင်းလို့ သီးနှံတွေမဖြစ်ထွန်းတာရှိကြပါတယ်။
ဒီလိုပါဘဲ လူမှုလောကမှာ လူတော်လူကောင်းတစ်ယောက်ဖြစ်ထွန်းဖို့ သူရှင်သန်မွေးဖွားတဲ့ရေမြေလိုဖြစ် တဲ့ မိ သားစုပတ်ဝန်းကျင်ဟာ အရမ်းကို အရေးကြီးပါတယ်။ နွေးနွေးထွေးထွေးနဲ့တည်ငြိမ်တဲ့မိသားစုတွေ ဟာ မွေးဖွားလာတဲ့သားသမီးတွေအပေါ်မှာ အောင်မြင်စွာ ပျိုးထောင်နိုင်စွမ်းရှိကြပါတယ်။ဘာကြောင့်ပါလဲ။ ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာသူရှင်သန်တဲ့မိသားစုနဲ့တိုက်ရိုက်သက်ဆိုင်နေလို့ဘဲဖြစ်ပါ
တယ်။
မိဘတွေရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းမှု၊ ဆင်းရဲမွဲတေမှုနဲ့ အားနည်းတဲ့ ပဲ့ပြင်ထိန်းကျောင်းမှုတွေဟာ မိသားစုတွေကိုထိခိုက်ပျက်စီးစေသလို အဲဒီပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့ကလေးရဲ့ဖွံ့ဖြိုးမှုကိုပါများစွာ ထိခိုက်စေပါတယ်။
မိခင်ရဲ့ စိတ်ဖိစီးမှုက ကလေးအပေါ်သက်ရောက်မှု...
တစ်ချို့မိခင်တွေဟာ ရုံးအလုပ်၊ ကုမ္မဏီအလုပ်အပြင် အိမ်ကိုရောက်တဲ့အခါ အိမ်အလုပ်တွေကိုပါ ပင်ပင် ပန်းပန်း လုပ်ကြရတာရှိပါတယ်။တကယ်လို့ ကလေးငယ်လေးဟာ လမ်းလျောက်တတ်ခါစအရွယ်၊ လေး ဘက်တွားအရွယ်၊ မိုးကြိုအရွယ်ဖြစ်နေခဲ့ရင် အလုပ်တစ်ဘက်၊ အိမ်အလုပ်တစ်ဘက်နဲ့ကလေးကို ဂရုစိုက် ရတာဟာ အရမ်းကို အာရုံရှုပ်ထွေးစရာဖြစ်စေပါတယ်။ တစ်ခါတစ်ရံ ဖိစီးမှုတွေ များလာတဲ့အခါ စိတ်ဓာတ် ကျလာတတ်ပြီး အဲဒီရဲ့သက်ရောက်မှုတွေဟာကလေးဆီကို ရောက်ရှိသွားတတ်တာရှိပါတယ်။
အဓိကအားဖြင့် စိတ်ဓာတ်ကျနေတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ကလေးအပေါ်မှာ အာရုံစိုက်မှုအားနည်း သွားတတ်ကြပါတယ်။မိခင်ရဲ့ အာရုံတစ်စိုက်ဂရုစိုက်မှုကိုမရရှိတဲ့ကလေးဟာ အကြောင်းမဲ့ပူပင်သောက
ဖြစ်နေတတ်ခြင်း၊ ပတ်ဝန်းကျင်အပေါ်တုန့်ပြန်မှုအားနည်းခြင်း ၊စိုးရိမ်ကြောင့်ကြမှုများခြင်းတို့ကိုဖြစ်စေ တတ်ပါတယ်။အကျိုးဆက်အနေနဲ့ အာရုံစူးစိုက်မှုမရှိခြင်း၊ စိတ်လက်မာန်လုပ်ဆောင်တတ်ခြင်း၊ ကျောင်းနေ အရွယ် ပညာသင်နေစဉ်အချိန်မှာ ပတ်ဝန်းကျင်နဲ့အဆင်မပြေဘဲ ပြသနာတွေဖြစ်ပွားခြင်းတို့ဘဲဖြစ်ပါတယ်။ဒီလိုကိစ္စရပ်တွေ မဖြစ်ပွားဖို့ ကလေးနဲ့မိခင်အတွက်အရေးကြီးရုံမက မိသားစုဝင်တွေအားလုံးမှာ တိုင်ပင်ဆွေးနွေးခြင်း ၊အကြံပေးခြင်း၊ လမ်းညွန်ချက်ပေးခြင်းတို့လိုအပ်ပါတယ်။
လူမှုရေး၊စီးပွားရေးနိမ့်ကျမှုနဲ့ ဆင်းရဲမွဲတေမှုက ကလေးအပေါ် သက်ရောက်မှု...
ငွေကြေးခက်ခဲမှုပြသနာတွေဟာ ရုန်းကန်လှုပ်ရှားနေရတဲ့မိသားစုတွေအတွက် အားစိုက်ရမှုတစ်ခုဖြစ်ပါ တယ်။ မိဘတွေဆီမှာ ဘဏ္ဍာရေးမလုံခြုံမှုဖြစ်နေတဲ့အခါ အဲဒီရဲ့သက်ရောက်မှုတွေဟာ ကလေးတွေဆီကို လည်း ရောက်ရှိစေပါတယ်။ ဒါတွေဟာ လေးဘက်တွားကလေးတွေ၊ မူကြိုနေအရွယ်ကလေးတွေရဲ့ဖွံ့ဖြိုးမှု ကို များစွာသက်ရောက်စေတဲ့အရာတွေဘဲဖြစ်ပါတယ်။
မိဘတွေက ရုန်းကန်မှုတွေပြည့်နေတဲ့အခါ ကလေးအနေနဲ့ အထီးကျန်ဆန်မှုဝေဒနာတွေကို ခံစားရ လာနိုင်ခြင်းဘဲဖြစ်ပါတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အဝတ်အထည်တွေ၊ဆေးဝါးတွေ၊ ကျန်းမာရေး ဂရုစိုက်မှုတွေ၊ ကျောင်းသုံးပစ္စည်းတွေ နဲ့ပတ်သက်ပြီး ငွေကြေးလိုအပ်ချက်ကြောင့် လစ်ဟာမှုတွေများလာ တဲ့ ခါ ကလေးအနေနဲ့ စိတ်ပျက်အားငယ်မှု၊ မျော်လင့်ချက်ကင်းမဲ့မှုတွေခံစားရလာတတ်ပါတယ်။ ဒါပေမယ့် ကလေးတို့ရဲ့မိဘတွေဟာ ငွေကြေးအတွက် ပင်ပန်းစွာ ရုန်းကန်နေရသူတွေဖြစ်ပေမယ့် တည်ငြိမ်အေး ချမ်းပြီး အပြုသဘောဆောင်စိတ်ထားပိုင်ဆိုင်တဲ့သူတွေ၊ သားသမီးအပေါ်မှာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ နွေးထွေးမှုအပြည့်ပေးနိုင်တဲ့သူတွေဖြစ်နေခဲ့ရင်တော့ကလေးတို့ရဲ့ ဖွံ့ဖြိုးမှုဟာ ကိုယ်စိတ်နှစ်ပါးအပေါ်မှာ များစွာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။
မိဘနှစ်ပါးရဲ့ ပြသနာရပ် က ကလေးအပေါ်သက်ရောက်မှု...
မိဘ နှစ်ပါးရဲ့ ခိုက်ရန်ဖြစ်ပွားမှုကလည်းကလေးရဲ့ ဖွံ့ဖြိုးမှုတွေအပေါ်များစွာသက်ရောက်မှုရှိစေပါတယ်။မိဘ နှစ်ပါးရဲ့ အမြဲတမ်း သဘောထားမတိုက်ဆိုင်စွာ ငြင်းခုံရန်ဖြစ်နေမှုတွေကလည်း ကလေးတို့ရဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိစေပါတယ်။ကလေးတို့အနေနဲ့ မိဘ နှစ်ပါးရဲ့ မပြေလည်တဲ့ကိစ္စရပ်တွေကို မြင်တွေ့ဖန်များလာတဲ့အခါ ရင်ထဲမှာ ဖော်မပြနိုင်တဲ့ အစိုင်အခဲတွေ များလာပြီး အပြင်ပတ်ဝန်းကျင်မှာ အခြားကလေးတွေအပေါ် တိုက်ခိုက်ခြင်း ၊ရန်လိုခြင်းဖြင့် သူတို့ရဲ့ထွက်ပေါက်ကို ဖြေရှင်းတတ်လာကြပါ တယ်။ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ကလေး အနာဂတ်လှပရှင်သန်နိုင်ဖို့ မိမိတို့ရဲ့ကိုယ်စိတ်နှစ်ပါး လှုပ်ရှားမှုတွေကို အမြဲသတိထားပြီး ဂရုစိုက်သင့်ပါတယ်။မိမိတို့ရဲ့ အကောင်း၊ အဆိုး လှုပ်ရှားသက်ဝင်မှု တိုင်းဟာ မိမိတို့ရဲ့ကလေးတို့အပေါ် အလုံးစုံရောက်ရှိသွားနိုင်တယ်ဆိုတာ သတိချပ်ရမယ်ဖြစ်ပါတယ်။
လွဲမှားတဲ့ ဆုံးမမှု က ကလေးအပေါ် သက်ရောက်မှုများ...
တစ်ချို့မိဘတွေဟာ ဖိစီးမှုတွေများလာတဲ့အခါ မိမိတို့ရဲ့ကလေးအပေါ်မှာ ဖွင့်ချတတ်သလိုဖြစ်တတ်ကြပါ တယ်။ ကလေးကို နာကျင်အောင်ရိုက်နှက်မိတတ်ကြပါတယ်။ နာကျင်စွာရိုက်နှက်ခံရမှုများလာတဲ့အခါ ကလေးရဲ့ကိုယ်စိတ်နှစ်ပါးဟာ ထိခိုက်ပျက်စီးသွားတတ်ကြပါတယ်။ လူရဲ့မောဟဒေါသစိတ်ဖုံးလွှမ်းနေ တဲ့အခါ အမှား၊အမှန် မခွဲခြားနိုင်မှုတွေက မဖြစ်သင့်တဲ့အရာတွေဖြစ်သွားတတ်ကြပြီး လွန်သွားတဲ့အခါမှ နောင်တတရားဆိုတာ မဆုံးနိုင်တဲ့ ဝေဒနာဖြစ်သွားတတ်ကြပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေအ
ပေါ်မှာ ချစ်လွန်းလို့ဖြစ်စေ၊ အလိုလိုက်လွန်းတာကြောင့် ကလေးတို့ဟာ ပျက်စီးကြရတာရှိသလို မိဘ
တွေရဲ့ လွဲံမှားတဲ့အယူအဆစိတ်တွေကြောင့် ကလေးတို့ဘဝနာကျင်ထိခိုက်ကြရတာတွေရှိပါတယ်။ ဒါကြောင့် ဘယ်အရာမဆို အစွန်းသဘောလွတ်ပြီးအရာရာကို ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး ကလေးတို့အပေါ် ကိုင်တွယ်ပြုစုခြင်းကသာ ပန်းကောင်းတစ်ပွင့်ဖြစ်လာနိုင်တယ်ဆိုတာ ယုံကြည်ဖို့လိုပါတယ်။
ဒါကြောင့် မိဘတွေအတွက် စိတ်ဓာတ်တည်ငြိမ်မှုကိုရယူပြီး အပြုသဘောဆောင်နေထိုင်တတ်မယ်ဆိုရင် မိသားစုတစ်ခုလုံးအေးချမ်းရုံမက မိမိတို့ရဲ့ မျိုးဆက်သစ်သားငယ်၊သမီးငယ်တို့လည်း လောကကြီးကို အလှဆင်နိုင်မယ့် လူတော်လူကောင်းလေးတွေဖြစ်လာကြမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Yangon Life

မှတ်ချက်များ