မသန်စွမ်း ကလေးငယ် တစ်ဦးကို တစ်သက်တာ အမှတ်တရ လက်ဆောင်ပေးခဲ့သည့် Iron Man
မိမိ၏ စိတ်ကူးယဉ်အိပ်မက် စူပါဟီးရိုးတစ်ဦးနှင့် လူချင်းတွေ့ဆုံရသည့်အပြင် ၎င်းထံမှ တန်ဖိုးအရှိဆုံး လက်ဆောင် တစ်ခုကို ရရှိခဲ့ခြင်းက (၇)နှစ်သားလေး အဲလက်စ်မိဒ်အတွက် တစ်သက် မမေ့နိုင်စရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။
Marvel၏ စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း ဇာတ်ကောင် Iron Manအဖြစ် သရုပ်ဆောင်နေသည့် ဟောလိ ဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာသည် လက်တစ်ဖက် မရှိသည့် မိဒ်အတွက် Iron Man ဝတ်စုံမှ လက် ပုံစံအတိုင်း ဒီဇိုင်းဖန်တီး ပြုလုပ်ထားသည့် ဇီဝလက်တုကို လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မိဒ်နှင့် သွားရောက် တွေ့ဆုံချိန်တွင် ဒေါင်နီသည် Avengers အဖွဲ့သား Iron Man တစ်ဖြစ်လဲ သိပ္ပံပညာရှင် ဘီလျံနာသူဌေး တိုနီစတာ့ခ်၏ ပုံစံအတိုင်း ဝတ်ဆင်လာခဲ့သည်။
မိဒ်သည် 3D ပုံဖော်နည်းပညာဖြင့် ဖန်တီးထားသည့် Iron Man လက်တုလေးကို ရရှိပြီး အလွန်ပျော်ရွှင်နေ သည့် မှတ်တမ်းဗီဒီယိုကို ဒေါင်နီက ၎င်း၏ Facebook စာမျက်နှာတွင် မတ် ၁၂ ရက်က မျှဝေခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် ညာဘက်လက် မရှိသည့် ကလေးငယ်ကို လူတစ်ဦးက ခေါ်ဆောင်လာပြီး Iron Man ဇာတ်ကောင် စတာ့ခ်နှင့် တွေ့ဆုံပေးခဲ့သည်။ ထို့နောက် စတာ့ခ်က ၎င်း၏ Iron Man ဝတ်စုံမှ လက်ပတ် ကို ကိုယ်တိုင် ဝတ်ဆင်ခဲ့ပြီး မိဒ်ကိုလည်း အနီရောင် Iron Man လက်တု အသေးလေး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါင်နီကိုယ်တိုင် ပါဝင်ကူညီခဲ့သည့် အဆိုပါ အစီအစဉ်ကို အဓိက အကောင်အထည် ဖော်ခဲ့သည်မှာ Microsoft One Note’s Collective Project and Limbitless Solutions အမည်ရှိ ပရောဂျက် ဖြစ်သည်။ ယင်းပရောဂျက်သည် ဈေးနှုန်းအလွန်မကြီးမြင့်သည့် နည်းပညာ အဆင့်မြင့် 3D ပုံနှိပ် ဇီဝခြေတု လက်တု များကို ဖန်တီးထုတ်လုပ်ပေးနေသည်။ မိဒ်သည် မွေးရာပါ ညာဘက်လက် တည်ဆောက်မှု ဖွံ့ဖြိုးမှု မရှိသည့် ကျန်းမာရေး ပြဿနာတစ်ခု ရှိခဲ့ပြီး ယခုအခါတွင်မူ ၎င်းနှစ်သက်သည့် စူပါဟီးရိုး၏ လက်တုတစ်ခုကို ပိုင်ဆိုင် ခဲ့ပြီ ဖြစ်သည်။
Marvel၏ Avengers ဇာတ်ကောင်များအနက် ကလေးငယ်များအတွက် အမှတ်ရစရာ အခိုက်အတန့်များ ဖန်တီးပေးခဲ့သည်မှာ ဒေါင်နီ တစ်ဦးတည်း မဟုတ်ချေ။ Captain America အဖြစ် သရုပ်ဆောင်သည့် ခရစ်အီဗန်စ်သည်လည်း မကြာသေးမီက ဆီယက်တဲလ်မြို့ရှိ ကလေးဆေးရုံသို့ ၎င်း၏ စူပါဟီးရိုး ဇာတ်ရုပ် အဆင်အပြင်အတိုင်း ဝတ်ဆင်ကာ သွားရောက်ခဲ့ပြီး ကလေးများကို အားပေး တွေ့ဆုံခဲ့သည်။
Iron Man၊ Captain America၊ Black Widow၊ Hulk၊ Thor အစရှိသည့် Marvel၏ စိတ်ကူးယဉ် သိပ္ပံလူ စွမ်းကောင်း ဇာတ်ကောင် အများအပြား ပါဝင်သည့် ဒုတိယမြောက် Avengers ဇာတ်ကား Age of Ultronကို မေလ(၁)ရက်တွင် စတင်ရုံတင်သွားမည် ဖြစ်သည်။
7day




မှတ်ချက်များ