![]() |
| သင်္ကြန်ပိတ်ရက်ခရီးသွားလာမှုများတွင် ယာဉ်လိုင်းအများစုက အမြတ်ထုတ်ကြလေ့ရှိသည်။(ဓာတ်ပုံ - နစ်ကီ) |
အဝေးပြေးကားလက်မှတ်များ ဈေးတင်ရောင်းချခြင်းအပေါ် ယာဉ်လိုင်းများသို့ သက်ဆိုင်ရာက ဖိအားပေးစောင့်ကြည့်နေချိန်တွင် ယာဉ်လိုင်းအချို့က တစ်ဖက်လှည့်ဖြင့် မှောင်ခိုရောင်းချသူများနှင့် ပေါင်းကာ ယင်းကဲ့သို့ ရောင်းချမှုများ ပြောင်းလဲလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဂိတ်တာဝန်ခံအချို့က ပြောသည်။
ဧပြီ ၈ ရက်နောက်ပိုင်း ခရီးသွားလက်မှတ်အများစုမှာ မှောင်ခိုသမားများ လက်ထဲ ရောက်ရှိနေပြီး မူလနှုန်း ထားထက် နှစ်ဆကျော်ဈေးတင်ရောင်းချမှု ပြုလုပ်နေကြသည်ဟု ခရီးသွားများက ပြောကြားသည်။
‘‘ဂိတ်တော်တော်များများက လက်မှတ်ဝယ်မရတော့ဘူး။ မှောင်ခိုဈေးကွက်မှာတော့ လိုသလောက်ရောင်း
နေသေးတယ်။ တချို့က တော့ လိုင်းကားမဟုတ်ဘဲ ကြားကားဆိုပြီး ပြောရောင်းတာပဲ’’ဟု မန္တလေးသို့ ပြန်ရန် ကြိုတင်လက်မှတ် သွားရောက်စုံစမ်းသူ လှိုင်သာယာမြို့နယ်နေ ဦးတင်ဦးက ပြော ကြားသည်။
ယခုအချိန်တွင် ရန်ကုန်-မန္တလေး ကားလက်မှတ်မှာ ပုံမှန် ကျပ် ၁၀,၅၀၀ ခန့်သာရှိရာမှ မှောင်ခိုဈေးကွက် တွင် ကျပ် ၃၀,၀၀၀ ခန့် ရှိနေပြီး အခြားလမ်းပိုင်းများမှာလည်း အဆမတန်ဈေးမြင့်မားနေခဲ့သည်။
ဧပြီလမတိုင်မီက ယာဉ်ဂိတ်အချို့မှာ ကြိုတင်လက်မှတ်များ ရောင်းချထားမှုများရှိနေပြီး ယာဉ်စီးခနှုန်းထား များ ပိုမိုတောင်းယူထားမှုများရှိသည့်အတွက် မထသ (အဝေးပြေး)က သတိပေး ကြေညာချက်များ ထုတ်ပြန် ခဲ့ သည်။
ယခုအခါ လက်မှတ်မှောင်ခိုရောင်းချသူများက ယာဉ်လိုင်းနှင့် ချိတ်ဆက်ကာ အဝေးပြေးဝင်းအတွင်း ၀င်ရောက်လာသည့် ခရီးသည်များအား လက်မှတ်လိုက်လံရောင်းချနေကြသည်။
‘‘သူတို့က ကားလက်မှတ် ကိုင်ထားတာတော့ မဟုတ်ဘူး။ ဈေးကတော့ ပါးစပ်ဈေးပဲ။ မတန်တဆကို တင် ထားတာ။ ကြိုတင် လက်မှတ်ဆို လက်မှတ်ကလည်း အားချင်းမရတော့ မ၀ယ်ခဲ့လိုက်ဘူး’’ဟု မြောက်ဥက္က လာပမြို့နယ်နေ ကိုသစ္စာကိုက ပြောသည်။
အဝေးပြေးကားဂိတ်များ ဈေးတင်ရောင်းချပါက အပိုယူထားသော ငွေပမာဏကို ပြန်ထုတ်ပေးရမည်ဖြစ်ပြီး ဒဏ်ကြေးအဖြစ် လက်မှတ်တစ်စောင်လျှင် ကျပ်ငါးသောင်းပေးဆောင်ရမည်ဟု သတိပေးထားသည်။
‘‘မှောင်ခိုသမားတွေနဲ့ ပေါင်းလုပ်တော့ ဂိတ်လည်းလွတ်တယ်။ ရောင်းတဲ့သူကိုလည်း ရှာပြီး အရေးယူဖို့ မလွယ်ဘူး။ ကြားထဲက ခရီးသည်ပဲ နာတာ’’ဟု အောင်မင်္ဂလာအဝေးပြေး ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အချို့ယာဉ်လိုင်းများမှာ သက်ဆိုင်ရာသို့ တင်ပြခြင်းမရှိဘဲ ကြားကားများ ထပ်ထည့်ကာ မှောင်ခိုသမား များနှင့် ပေါင်း၍ လက်မှတ်ထပ်ဖြည့်ရောင်းချမှုများ ရှိနေသည်ဟု အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ အမည်မဖော်လိုသူ လူခေါ်ပွဲစားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မထသ(အဝေးပြေး)အနေဖြင့် ယင်းကာလအတွင်း မသမာသောနည်းဖြင့် လက်မှတ်ရောင်းချနေမှုများကို စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်ဆောင်ရွက်နေသည်ဟု ဆိုသည်။
မိုးမင်း - 7day

မှတ်ချက်များ