အိပ်မက်ပါ လွတ်မြောက်သည့် နေရာ

စာရေးဆရာမ ခက်မာ (ဓာတ်ပုံ – Khet Mar / Facebook)
အမေရိကန် ပြည်ထောင်စုတွင် တက္ကသိုလ်များနှင့် ပြတိုက်များကြောင့် လူသိများသော ပင်ဆယ်ဗေးနီးယား ပြည်နယ်မှ ပစ္စဘတ်မြို့သို့ လွန်ခဲ့သောလ အနည်းငယ် အတွင်းက ကျမ ရောက်ခဲ့သည့် အချိန်တွင် City of Asylum (ခိုလှုံရာဗိမာန်) ဟုခေါ်သော နိုင်ငံရေး ခိုလှုံနေသည့် စာရေးဆရာများ အတွက် အစီအစဉ်တခုနှင့် ဆက်စပ်နေသော “Burma House” ၏ အကြောင်းကို ကြားသိခဲ့ရသည်။

ပစ္စဘတ်မြို့၏ မြောက်မြားလှစွာသော တံတားများထဲမှ တခုကို ဘတ်စ်ကားဖြင့် ကျော်ဖြတ်ခဲ့ပြီး နောက် ဆမ်ဆိုးနီးယား ဟုခေါ်သည့် ကျဉ်းမြောင်းပြီး တိတ်ဆိတ်သော လမ်းသို့ ရောက်ရန် လမ်းလျှောက် သွားခဲ့ရသည်။ အိမ်တလုံး၏ နံရံတွင် စပါးစိုက် တောင်သူများ၊ ဘုန်ကြီး တပါး၊ စစ်သား တယောက်နှင့် ကလေးမိခင်များ ပါဝင်သည့် ရောင်စုံပုံများကို အစိမ်းရောင် တောင်ကုန်းတခုပေါ်မှ ရွှေရောင် စေတီတော်များ နောက်ခံဖြင့် ရေးဆွဲထားသည်ကို မြင်လိုက်ရသည်နှင့် နေရာမှန်ကို ရှာတွေ့ပြီ ဖြစ်ကြောင်း ကျမသိ လိုက်ပါသည်။

ဝတ္ထုတပုဒ်ကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံထားရသော စာရေးဆရာ ဆယ်လ်မန် ရုရှဒီး (Salman Rushdie) က အန္တရာယ်နှင့် ရင်ဆိုင်နေရ သော စာရေးဆရာများကို လုံခြုံမှု ပေးရန် ဥရောပတွင် အစီအစဉ် တခုကို ပြုလုပ်ခဲ့ သည်။ ၎င်းကို သဘောကျ နှစ်ခြိုက်ခဲ့သော ဒိုင်ယန် ဆမ်မျူယယ်စ် (Diane Samuels) နှင့် ဟင်နရီ ရီးစ် (Diane Samuels Henry Reese) တို့က ခိုလှုံရာ ဗိမာန်/ပစ္စဘတ် (City of Asylum/Pittsburgh – COAP) ကို ၂၀ဝ၄ ခုနှစ်က ဆမ်ဆိုးနီးယားလမ်း တွင် စတင် တည်ထောင်ခဲ့ သည်။

COAP တွင် ပထမဆုံး ခိုလှုံခဲ့သော တရုတ် ကဗျာဆရာ ဟွန်ကျင်း (Huang Xiang) က စိစစ်ရေး စနစ်ကို တိမ်းရှောင်နိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်မှုကို ပြသသည့် အနေဖြင့် ၎င်း၏ နေအိမ် မျက်နှာစာကို ၎င်းရေးသားထားသော ကဗျာများဖြင့် တန်ဆာဆင်ခဲ့သည်။

ယခုအခါ COAP သည် ဆမ်ဆိုးနီးယားလမ်း ထဲတွင် အိမ်များ အတွဲလိုက် ပိုင်ဆိုင်ထားပြီး လမ်းမ ပေါ်တွင် ပြုလုပ်သော Jazz ဂီတ ဖျော်ဖြေပွဲများ၊ စာဖတ်ပွဲများနှင့် တခြားအခမ်း အနားများ အပြင် Sampsonia Way မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ နိုင်ငံရေး ခိုလှုံသော စာရေးဆရာများသည် ၎င်းတို့မိသားစုနှင့်အတူ အိမ်လခ ပေးစရာ မလိုဘဲ ၂ နှစ် နေထိုင်နိုင်သည့် အပြင် ကျန်းမာရေး စောင့် ရှောက်မှု ကဲ့သို့သော တခြားအထောက်အပံ့များ ရရှိ ကြသည်။ လက်ရှိ ခိုလှုံနေသူမှာ အီရန်မှ စာရေး ဆရာ ယာဂိုယပ် ယာဒလီ (Yaghoub Yadali) ဖြစ်သည်။

စာရေးဆရာမ ခက်မာသည် သုတ၊ ရသနှင့် ကဗျာများကို ရေးသားခဲ့သူ ဖြစ်ပြီး နိုင်ငံရေး အကျဉ်း သူဟောင်း တဦးလည်း ဖြစ်သည်။ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း COAP ၏ တတိယမြောက် ခိုလှုံသော စာရေးဆရာမလည်း ဖြစ်သည်။ သူ၏ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ သန်းဌေးက ယခုလက်ရှိတွင် COAP ၏ ရုံးချုပ်ဖြစ်နေသည့် Pittsburgh-Burma House ဟု ခေါ်သော သူတို့ နေအိမ်၏ အပြင်ဘက်တွင် ခက်မာ၏ စာပေလက်ရာများကို နံရံပန်းချီဖြင့် သရုပ်ဖော် ရေးဆွဲထားခဲ့သည်။ စာသားများ ကိုလည်း ရေးခဲ့သည်။

“ကမ္ဘာကြီးကို ပကတိအတိုင်း မြင်ခွင့် မရအောင် ဘာနှင့်မျှ တားဆီး မထားသော ပစ္စဘတ်၏ မမှောင်မိုက်သော ညတွင် လူပါမက အိပ်မက်ကပါ လွတ်မြောက်နေလေသည်” ဟုခက်မာက ရေးသားခဲ့သည်။ Picasso ၏ “Guernica” ပန်းချီကားကို နမူနာယူ၍ အိမ်ဘေးဘက်သည် မြန်မာနိုင်ငံဖြစ်၍ အိမ် ရှေ့ဘက်က ပစ္စဘတ်ကို ကိုယ်စားပြု ရေးဆွဲ ထားသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ် ဖြစ်သော ဧရာဝတီ မြစ်နှင့် အမေရိကန်နိုင်ငံမှ Allegheny မြစ်တို့က အိမ်ထောင့်တွင် ပေါင်းဆုံ သွားကြသည်။

ယခုအခါ ခက်မာက Radio Free Asia (RFA) တွင် ဂျာနယ်လစ် တယောက် အဖြစ် လုပ်ကိုင်နေပါသည်။ “Wild Snowy Night” အမည်ရှိ ဝတ္ထုနှင့် “The Souls of Fallen Flowers” အမည်ရှိ ဝတ္ထုတိုနှင့် အက်ဆေး ပေါင်းချုပ် စာအုပ်များ ကိုလည်း ထုတ်ဝေခဲ့ပါသည်။ ၁၉၉၃ ခုနှစ်က မြန်မာနိုင်ငံတွင် ပိတ်ပင်ခံခဲ့ရသော “Night Birds” (ညငှက်များ) အမည်ရှိ ဝတ္တုတိုပေါင်းချုပ် စာအုပ်ကိုလည်း ၂၀၁၄ တွင် COAP မှ ပြန်လည်ထုတ်ဝေ ခဲ့သည်။ စာရေးဆရာမ ခက်မာ၏ COAP နှင့် ပတ်သက်သည့် အတွေ့အကြုံများကို မေးမြန်းထား ပါသည်။

မေး။ ။ မြန်မာနိုင်ငံကနေ ပစ္စဘတ်ကို ဘယ်လို ရောက် လာခဲ့ပါသလဲ။

ဖြေ။ ။ Scholars at Risk မှာ နေထိုင်ခွင့် လျှောက်တဲ့ အချိန်က COAP အကြောင်းကို မသိပါဘူး။ သူတို့ နဲ့ COAP က ကျမကို COAP မှာ စာရေးဆရာ တယောက် အဖြစ် နေထိုင်ခွင့်ပေးဖို့ ရွေးချယ်လိုက်တယ် လို့ ကျမကို အကြောင်းကြားခဲ့ ပါတယ်။ ကျမ မိသားစုနဲ့ အတူ မြန်မာနိုင်ငံကနေ ၂၀ဝ၉ ခုနှစ်မှာ ပစ္စဘတ်ကို ပြောင်းလာ ခဲ့တယ်။

မေး။ ။ ဒီမှာ နေရတာကရော ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ဒီမှာနေရတာက ကျမ အတွက် နွေးထွေးလုံခြုံ ပါတယ်။ စာတွေလည်း အများကြီးရေးလို့ ရတယ်။ နောက်ပြီး ဒီက လူတွေ အားလုံးက ကျမတို့ကို သိနေပြီး နွေးနွေးထွေးထွေး ဂရုစိုက်ကြတဲ့ အတွက် ကျမ သားတွေ အတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ကျမရဲ့ သူငယ်ချင်းတွေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေ အတွက် စိုးရိမ်မှု၊ ဝမ်းနည်းမှုတွေ ရှိနေဆဲ ဖြစ်ပေမယ့် ကျမ မိသားစု အတွက်တော့ အေးချမ်းတဲ့ အချိန်လေး ဖြစ်ခဲ့ပါတယ်။

မေး။ ။ ဒီမှာနေတဲ့ အချိန်အတွင်းမှာ စာအုပ်တွေ ထုတ်ခဲ့သေးပါ သလား။

ဖြေ။ ။ ဒီမှာနေတဲ့ အချိန်တွင်းမှာ စာတွေ အများကြီး ရေးခဲ့ပါတယ်။ ဝတ္ထုတို၊ အက်ဆေးနဲ့ ကဗျာတွေ ရေးဖြစ်တယ်။ ဒီနေရာက စာရေးဆရာတွေ အတွက် စာရေးလို့ ကောင်းတဲ့ နေရာတခုပါ။ ကျမ အတွက် စာရေးဖို့ အခက်အခဲဖြစ်တာ တခုက ဒီနေရာကြောင့်တော့ မဟုတ်ပါဘူး။ ကျမနိုင်ငံက လူတွေကို သတိရလို့ ပါပဲ။

မေး။ ။ “အိမ်လွမ်းတာက စာရေးဆရာ တယောက် အတွက် ကုန်ကြမ်း ဖြစ်တယ်” လို့ ပြောခဲ့တယ် နော်။ မိမိနိုင်ငံကနေ ထွက်ခွာခဲ့ရတဲ့ ခံစားချက်က စာရေးတဲ့ အပေါ် ဘယ်လို သက်ရောက်မှုရှိလဲ။

ဖြေ။ ။ ဒီက သဘာဝတရားတွေ ယဉ်ကျေးမှုတွေနဲ့ တခြားအရာတွေမှာ တူညီတာတွေ၊ ခြားနားတာတွေ တွေ့ရတဲ့ အခါ ကျမနိုင်ငံကို သတိရပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန် နိုင်ငံကြားက တူညီမှု ကွဲပြားမှုတွေ တွေ့ရတဲ့ အခါ ဘယ်အရာတွေ ကတော့ တူညီတယ်၊ ဘယ်အရာတွေကတော့ မတူညီဘူးဆိုတာ ရေးချင်တယ်။ ပစ္စဘတ်မှာ နေတဲ့ အချိန်အတွင်း ရေးခဲ့တဲ့စာတွေက အိမ်လွမ်းစိတ်ကို အခြေခံပြီး ရေးခဲ့တာပါ။ ကျမသာ အိမ်ကို မလွမ်းခဲ့ဘူး ဆိုရင် စာတွေလည်း ဒီလောက်အထိ ရေးနိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ အိမ်နံရံပေါ်မှာ ပန်းချီတွေ၊ စာတွေရေးတာပြီးဖို့ အချိန်ဘယ်လောက် ယူခဲ့ရပါသလဲ။

ဖြေ။ ။ ပစ္စဘတ်ကို ရောက်ပြီး မကြာခင်မှာဘဲ အက်ဆေးတိုလေး ရေးခဲ့ပါတယ်။ အဲဒါကို ၂၀ဝ၉ ခုနှစ်က Jazz Poetry Concert မှာ ဖတ်ပြဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ COAP ကို တည်ထောင်သူ ဖြစ်တဲ့ ဟင်နရီ ရီးစ်က ကျမခင်ပွန်းကို ကျမတို့ နေတဲ့ အိမ်မှာ ဒီအက်ဆေးကို သရုပ်ဖော်ရေးဆွဲဖို့ ပြောခဲ့ပါတယ်။ ကျမခင်ပွန်းက ၂၀ဝ၉ ခုနှစ် နွေရာသီ ကုန်ခါနီးမှာ စဆွဲပြီးတော့ ဆောင်းတွင်းမှာတော့ အအေးဒဏ်ကြောင့် မဆွဲဖြစ်ပါဘူး။ ၂၀၁၀ နွေဦးပိုင်းမှာ ပြန်ပြီး ဆွဲခဲ့ပါတယ်။ စုစုပေါင်း ၄ လလောက်တော့ ကြာမယ် ထင်ပါတယ်။ ဘယ်သူ့ အကူအညီမှ မပါဘဲ သူ တယောက်တည်း ဆွဲခဲ့တာပါ။

မေး။ ။ ဒီက တခြား စာရေးဆရာတွေ၊ ပန်းချီဆရာတွေနဲ့ တွေ့ဖြစ်သေးလား။

ဖြေ။ ။ COAP ရဲ့ လတိုင်း ပြုလုပ်တဲ့ အစီအစဉ်တွေမှာ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ အများကြီးနဲ့ တွေ့ဖြစ်ပါ တယ်။ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်မှာ ရှိတဲ့ တက္ကသိုလ်တွေနဲ့ တခါတရံ တခြားပြည်နယ်တွေက တက္ကသိုလ်တွေက ကျမကို ဖိတ်ခေါ်တဲ့အခါ တွေမှာလည်း တွေ့ဖြစ်ပါတယ်။

မေး။ ။ ဒီနေ့ မြန်မာနိုင်ငံက စာပေနဲ့ ပန်းချီအပေါ် အမြင်လေးကို သိပါရစေ။

ဖြေ။ ။ စာရေးဆရာတွေက အရင်တုန်းက လုပ်ခွင့် မရခဲ့တဲ့ စာပေ စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ၊ ကဗျာ ရွတ်ပွဲတွေ တခြား စာပေပွဲတော်တွေ အခု အများကြီး လုပ်နိုင်နေပါပြီ။ ဒါပေမယ့် မဂ္ဂဇင်းတွေနဲ့ ဂျာနယ်တွေမှာတော့ သူတို့ အတွက် နေရာ နည်းနေပါတယ်။ ပန်းချီဆရာတွေ ကတော့ သူတို့ရဲ့ အနုပညာတွေနဲ့ အရည်အချင်းတွေကို ပြသဖို့ အခွင့်အရေးတွေ ပိုများပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ရှိတဲ့၊ ဒါမှမဟုတ် နိုင်ငံခြားမှာ ရှိနေကြတဲ့ လူငယ် စာရေးဆရာတွေ အတွက် ဘယ်လို အကြံပေးချင် ပါသလဲ။

ဖြေ။ ။ ကျမက အရမ်းတော်တဲ့ စာရေးဆရာ တယောက် မဟုတ်တဲ့ အတွက် သူတို့အနေနဲ့ ကျမရဲ့ အကြံဉာဏ် ယူဖို့ မလိုဘူး ထင်ပါတယ်။ စာရေးဖို့ အတွက် ကျမက မျက်လုံးတွေ၊ နားတွေ၊ နှလုံးသားတွေကို ဖွင့်ထား ပါတယ်။ ကျမ အတွက်တော့ အဲဒီလောက်ဆို လုံလောက်ပါပြီ။ သူတို့လည်း ဒီလိုပဲ ဖြစ်ကြလိမ့်မယ် လို့ ကျမထင်ပါတယ်။

(Edith Mirante သည် “The Wind in the Bamboo” စာအုပ်ကို ရေးသားခဲ့သော စာရေး ဆရာမ တယောက်ဖြစ်ပြီး Project Maje ကို တည်ထောင်သူလည်း ဖြစ်သည်။ Edith Mirante ၏ A Safe House of One’s Own အင်တာဗျူးကို ဆုမွန်ဖြိုးဘာသာပြန်သည်။)

အီဒစ်သ်မီရန်တီ - ဧရာဝတီ

မှတ်ချက်များ