![]() |
| အခင်းဖြစ်ပွားပြီးအခြေအနေ (ဓာတ်ပုံ − တင်ထွဋ်ဖေ့စ်ဘွတ်ခ်) |
ဇွန်လ ၂၁ ရက်ညက တာမွေမြို့နယ်တွင် ရဲကားများ လုံခြုံရေးလှည့်ကင်း တာဝန်ယူနေစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်လေးဦးကို တားဆီးစစ်ဆေးခိုက် ယင်းလူငယ်များက မောင်းနှင်ထွက်ပြေးခဲ့ကြသည်။ ယင်းသို့ ထွက်ပြေးသည့် ဆိုင်ကယ်နောက်သို့ လှည့်ကင်းအဖွဲ့မှ ရဲကား သုံးစီးဖြင့် လိုက်လံတားဆီးခဲ့ရာ ဆိုင်ကယ် တိမ်းမှောက်ကာ ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။
‘‘ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ တာဝန်ကျအချိန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေကိုလည်း စစ်မေးနေပါတယ်။ အမှုမှန်ပေါ်ပေါက်တာနဲ့ အကုန်လုံးကိုလည်း ရှင်းပြသွားမှာပါ။ အခုတော့ ဒီလောက်ပဲပြောလို့ရပါသေးတယ်။ အသေးစိတ်ကိုလည်း စစ်ဆေးနေတုန်းပါ’’ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဆိုင်ကယ်တိမ်း မှောက်မှု၌ အမျိုးသားနှစ်ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း လူနာ (မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘သူတို့တွေ ဘယ်လိုပြစ်မှု ကျူးလွန်သလဲတော့ မသိပါဘူး။ ဒါ ပေမဲ့ အခုလိုဖြစ်သွားတာ အမှန်ဆိုရင်တော့ ရဲတွေမှာတာဝန်ရှိတယ်။ နောက်တစ်ခုက ဆိုင်ကယ်မှောက်တဲ့အခါမှာ မကူညီဘဲ ထွက်သွားတာတော့ အဆိုးဆုံးပါပဲ။ အသက်ရှင်တဲ့ နှစ်ယောက်ကျန်နေသေးတယ်။ သူတို့ကို ကယ်သူမရှိရင် သေသွားနိုင်တယ်’’ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမောင်ထွန်းက ပြောသည်။
ယင်းဖြစ်စဉ်ကို တာမွေမြို့ မရဲစခန်းက ပုဒ်မ ၃၀၄ (က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်။
ရန်ကုန်မြို့အတွင်း ညအချိန်များတွင် ဆိုင်ကယ်စီးပြီး သွားလာနေသည့် လူငယ်များရှိနေပြီး ဆိုင်ကယ်လုယက်မှုများဖြစ်ပေါ်နေသဖြင့် ဖမ်းဆီးအရေးယူမှုများရှိကြောင်း သိရသည်။
ဖိုးတုတ် - 7day daily

မှတ်ချက်များ