ရင်သားကင်ဆာ ရန်ပုံငွေအတွက် ပြသထားတဲ့ ပန်းရောင်အတွင်းခံတွေ ခိုးခဲ့တဲ့ သူခိုး
ကား ရေဆေး လုပ်ငန်း တစ်ခုက ၀န်ထမ်းတွေဟာ ၁၅ ပေ အမြင့်ရှိတဲ့ သံတိုင်တွေကို ကျော်ဖြတ်ပြီး ရင်သားကင်ဆာ အလှုငွေ အတွက် ပါဖောမန့်စ် ပြသထားတဲ့ ဘရာစီယာတွေနဲ့ အောက်ခံဘောင်းဘီတွေခိုးယူသွားတဲ့ သူခိုးကို လိုက်လံ ရှာဖွေနေကြပါတယ်။
Lancashire ပြည်နယ် ၊ Penwortham မြို့မှာ ရှိတဲ့ Pristine ကားရေဆေး လုပ်ငန်းက ၀န်ထမ်းတွေဟာ တစ်မြို့လုံးအနှံ့မှာ ကျင်းပနေတဲ့ ရင်သားကင်ဆာ ရန်ပုံငွေ အတွက် အလှုငွေကောက်ခံဖို့ ပန်းရောင် အမျိုးသမီး အောက်ခံ ၀တ်စုံတွေကို ပါဖောမန့်စ် တစ်ခုသဖွယ် အလှဆင်ထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်နေ့မနက် အလှုငွေ ကောက်ခံမယ့်အချိန်မှာတော့ ပါဖောမန့်စ် အဖြစ် အလှဆင်ထားတဲ့ အမျိုးသမီး အတွင်းခံတွေအားလုံး အခိုးခံလိုက်ရတာကို သိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၀န်ထမ်းတွေဟာ CCTV ကတဆင့် ခြေရာခံကြည့်တဲ့အခါမှာတော့ သောကြာင်္နေ့ မနက် ၂ နာရီခန့်က အမျိုးသားတစ်ယောက်ဟာ ၁၅ပေ အမြင့်ရှိတဲ့ သံတိုင်တွေကို ကျော်ခွ တက်ခဲ့ပြီး ထို အတွင်းခံတွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ၀န်ထမ်းတွေဟာ အတွင်းခံ သူခိုး ဘယ်သူလည်းဆိုတာကို သိနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကားရေဆေးလုပ်ငန်း ရဲ့ ပိုင်ရှင် Craig Halsall က Lancaster Evening Post သတင်းဌာန ကို ပြောပြခဲ့တာကတော့ "ငါတို့ CCTV ကတဆင့် ကြည့်တဲ့အခါမှာ ၊ မနက် ၂ နာရီတုန်းက အမျိုးသားတစ်ယောက် ကားပါကင် ဘက်ကနေ ချဉ်းကပ်လာပြီး သံတိုင်တွေကို ကြောင်တစ်ကောင်လို ကျော်ပြီး အတွင်းခံတွေကို ခိုးသွားတာ တွေ့ရပါတယ်။ ဒါဟာ ရန်ပုံငွေ ရှာဖွေပွဲ စကာနီးမှာ ဖြစ်သွားတာပါ။ အဲဒီအတွက်တော့ ငါတို့ အရှုံးမပေးပါဘူး။ ဒီထက်ပိုကောင်းပြီး ပိုမို ကြီးမားတဲ့ ပြသမှု ကို တင်ဆက်သွားမှာပါ" လို့ ဆိုပါတယ်။
ဒီ အတွင်းခံပန်းရောင်တွေ ချိတ်ဆွဲတဲ့ လှုပ်ရှားမှု ဟာတော့ Pink Campaigners ဆိုတဲ့အဖွဲ့က ဦးဆောင်ပြီး Paint Penwortham Pink Campaign အစီအစဉ် ရဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ထိုလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် ကတော့ ရင်သား ကင်ဆာအတွက် သတိပေးမှုနဲ့ ရန်ပုံငွေ မြင့်တက်လာဖို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် Penwortham မြို့မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ထို Campaign ကို ကူညီတဲ့အနေနဲ့ ပန်းရောင်အတွင်းခံတွေ ချိတ်ဆွဲ အလှဆင်ပြီး ရန်ပုံငွေ ကူညီပြီး ရှာဖွေပေးနေကြတာဖြစ်ပါတယ်။
"ဒါဟာ အဖျက်အမှောင့်လုပ်ရပ်ကို ဖန်တီးသွားတာလို့ ကျွန်တော်မထင်ဘူး။ ကျွန်တော်ထင်တာကတော့ ပန်းရောင်အတွင်းခံတွေနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်တစ်ခုခု ရှိတဲ့ ဦးနှောက်မရှိတဲ့ သောက်ရူးတစ်ယောက်ပဲ ဖြစ်ရမယ်" လို့ ထို ကားရေဆေးလုပ်ငန်းက ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ Louise Pratt က ဆိုပါတယ်။
Mario - သစ်ထူးလွင်
Ref : Mirror



မှတ်ချက်များ