ရည်ရွယ်ချက်ကောင်းတဲ့ Sexy ဓာတ်ပုံမော်ဒယ်များ
ညာလက်တံတောင်ဆစ်အောက်ပိုင်းမပါဘဲ မွေးဖွားလာခဲ့တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အီရတ်စစ်မြေပြင်မှာ ညာဘက်ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ စစ်သားဟောင်းတစ်ဦးတို့ဟာ ဆွဲဆောင်မှုအားကောင်းတဲ့ ဓာတ်ပုံတွေနဲ့အတူ သူတို့ခန္ဓာကိုယ်မှာ အစားထိုးထားတဲ့ စက်ရုပ်လက်တု၊ ခြေတုတွေကို ဂုဏ်ယူစွာ ထုတ်ပြခဲ့ကြပါတယ်။
နယူးဂျာစီပြည်နယ်က အသက် ၂၈ နှစ်အရွယ် မော်ဒယ် ရီဘက်ခ်မရင်းဟာ ဖလော်ရီဒါက တပ်ကြပ်ဟောင်း အသက် ၂၉ နှစ်အရွယ် ဘရိုင်ယန်တေလာနဲ့အတူ ဆွဲဆောင်မှုပြင်းတဲ့ပုံတွေရိုက်ပြီး မသန်စွမ်းတွေရဲ့ဘ၀အကြောင်း လူတွေသတိထားမိအောင် ကြိုးစားခဲ့ကြပါတယ်။
"ကျွန်မတို့ အခုလိုဆုံဖြစ်ပြီး ပြောစရာတွေအများကြီးဖြစ်လာမယ့် ဓာတ်ပုံတွေ ဖန်တီးဖြစ်ခဲ့တာ အရမ်းကောင်းပါတယ်" လို့ ရီဘက်ခ်က ဆိုခဲ့ပါတယ်။
ဘရိုင်ယန်ဟာ ၂၀၀၆ ခုနှစ်တုန်းက အီရတ်မှာ သူစီးလာတဲ့ယာဉ် လမ်းပေါ်မှာထောင်ထားတဲ့ဗုံးကိုနင်းမိပြီး ကွဲခဲ့တာကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သူကတော့ "မသန်စွမ်းတွေရဲ့ဘ၀ကို သတိထားမိလာအောင် အခုလိုပုံတွေရိုက်ဖြစ်တာပါ။ မသန်စွမ်းဘ၀နဲ့ ပုန်းလျှိုးကွယ်လျှိုးနေနေကြတာကို ရပ်တန့်စေချင်လို့ပါ"ဆိုပြီး သူ့ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။
ရီဘက်ခ်ကတော့ အခုအချိန်မှာ သူ့ကြွက်သားတွေရဲ့လှုပ်ရှားမှုအတိုင်းတည်ဆောက်ထားတဲ့ စက်ရုပ်လက်တုကို အသုံးပြုနေသူဖြစ်ပြီး ပြီးခဲ့တဲ့လကတော့ New York Fashion Week မှာ မော်ဒယ်တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)






မှတ်ချက်များ