3MDG မှ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၃ ဒသမ ၈၂ သန်းနှင့် ဆေးယဉ်ပါး တီဘီလူနာများအတွက် အမေရိကန်ဒေါ်လာ ၁၉ သန်း ထောက်ပံ့မည်


ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (3MDG Fund) မှ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂ သန်းနှင့် ဆေးယဉ်ပါး တီဘီလူနာများအတွက် အမေရိကန်ဒေါ်လာ ၁၉ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

တီဘီရောဂါကုဆေးရုံ (အောင်ဆန်း)တွင် တက်ရောက်ကုသနေသည့် လူနာများအားတွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

တီဘီတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ထောက်ပံ့ရာတွင် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း အပါအ၀င် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်း ခြောက်ဖွဲ့သို့ ရန်ပုံငွေများ ခွဲဝေပေးအပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် 3MDG Fund မှ ဆေးယဉ်ပါး တီဘီလူနာများအတွက် အပိုဆောင်း ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၉ သန်းကိုလည်း ထောက်ပံ့သွားမည်ဖြစ်ရာ လာမည့် မတ် ၂၄ ရက် (ယနေ့)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သဘောတူလက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်းနှင့် စီမံချက်ကာလကို ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ သတ်မှတ်ထားကြောင်းလည်း သိရသည်။

ဆေးယဉ်ပါး လူနာများအတွက် ထောက်ပံ့သည့် ရန်ပုံငွေသည် ဆေးယဉ်ပါးလူနာ ၁၈၀၀ ဦး၏ ဆေးကုသမှု လုပ်ငန်းများ အပါအ၀င် ဆေးယဉ်ပါးလူနာ ရှာဖွေရေး၊ လူနာများ၏ အာဟာရ ထောက်ပံ့မှုများ၊ သွားလာရေး စရိတ်များကဲ့သို့ အထွေထွေ ကုန်ကျစရိတ်များ အတွက်လည်း ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Three Millennium Development Goals Fund (3MDG Fund) နှင့် Global Alliance for Vaccine and Immunization (GAVI) အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၄၂ မြို့နယ်တွင် မိခင်မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် စစ်တမ်းပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် မြို့နယ် ၁၀၂ မြို့နယ်တွင်လည်း Service Accessibility and Readiness Assessment (SARA WHO-2013) ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

3MDG Fund အနေဖြင့် မြန်မာနိုင်ငံတွင် ပံ့ပိုးကူညီမှုများပေးရန် ဒေါ်လာသန်း ၃၀၀ ခန့် ထောက်ပံ့သွားမည်ဖြစ်ပြီး မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေး လုပ်ငန်းများအတွက် စုစုပေါင်း ရန်ပုံငွေများအနက်မှ ၇၄ ရာခိုင်နှုန်း၊ အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျန်းမာရေးစနစ် တိုးတက်စေရေးအတွက် ၁၁ ရာခိုင်နှုန်းကို အသုံးပြုသွားရန် သတ်မှတ်ထားကြောင်း သိရသည်။


အိသဉ္ဇာကျော် | Eleven Media Group


မှတ်ချက်များ