ထိုင်းနှင့်တရုတ်သို့ တစ်နှစ်လျှင် နွားကောင်ရေ ခြောက်သိန်းကျော် မှောင်ခိုပို့နေ





နွားများကို လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုနေဆဲကာလ၌ မြန်မာ့အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် တင်ပို့နေသည့် ပမာဏမှာ နှစ်စဉ် တိုးပွားလာနေကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် အတိုင်ပင်ခံ ဒေါက်တာသန်းလှက ပြောသည်။

ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တစ်နှစ်လျှင် နွားအရှင် ကောင်ရေ ခြောက်သိန်းကျော် တရားမဝင် ခိုးရောင်းနေသည့်အတွက် မြန်မာ့လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်လာကြောင်း သတင်းရရှိသည်။ မြန်မာ့လယ်ယာလုပ်ငန်းကို လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနေသော်လည်း စက်ကိရိယာကိုသာ အားထားသည့်အဆင့် မရောက်သေးဘဲ ကျွဲ၊ နွားများ အသုံးပြုနေရသေးသည်။ ထိုသို့ နွားများကို လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုနေဆဲကာလ၌ မြန်မာ့အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် တင်ပို့နေသည့် ပမာဏမှာ နှစ်စဉ်တိုးပွားလာနေကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် အတိုင်ပင်ခံ ဒေါက်တာသန်းလှက ပြောသည်။ ‘ထိုင်းနိုင်ငံကို တစ်နှစ်မှာ နွားနှစ်သိန်း ခိုးပို့နေတယ်။ ဒါတောင် ကျွန်တော်တို့ဘက်က တရားမဝင်သွားနေတဲ့ စာရင်းအတိအကျမရဘူး။ ထိုင်းနိုင်ငံဘက်ကရတဲ့စာရင်းကြောင့် သိရတာ။ တရုတ်နိုင်ငံဘက်ကျတော့ ဒီ့ထက် နှစ်ဆသုံးဆလောက်ရှိနေတယ်။ ဒါကြောင့် နွားကောင်ရေ ခြောက်သိန်းကျော်တယ်’’ဟု ဒေါက်တာသန်းလှက ပြောသည်။

ထို့ကြောင့် မြန်မာ့လယ်ယာလုပ်ငန်းခွင်မှ ခိုင်းနွားကောင်ရေ တစ်နှစ်လျှင် ခြောက်သိန်းကျော် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့နေမှုက ဆယ်စုနှစ်ပေါင်းများစွာကြာလာသဖြင့် လယ်ယာလုပ်ငန်းနှင့် နိုင်ငံ့ဝင်ငွေကိုပါ ထိခိုက်လာ၍ စနစ်တကျ ဆောင်ရွက်ချိန်တန်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ ‘‘ကျွန်မတို့နိုင်ငံမှာ ကျွဲ၊ နွားတွေ ပေါပါတယ်။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံက စက်မှုလယ်ယာကို မကူးပြောင်းသေးတော့ လယ်ယာလုပ်ငန်းခွင်မှာ သုံးစွဲနေရသေးတယ်။ နိုင်ငံတကာမှာလို စနစ်တကျရောင်းရင် နိုင်ငံ့ဝင်ငွေကို အများကြီးအကျိုးရှိမယ်။ တရားဝင်ခွင့်ပြုချက်လိုင်စင်ရလို့ရောင်းရင် ဈေးကောင်းရမယ်။ အခုက သူခိုးဈေးနဲ့ သွားရောင်းတော့ဈေးမရဘူး။ ပြည်ပတင်ပို့နိုင်စွမ်းစာရင်းလည်း မတက်ဘူး။ အားလုံး နစ်နာနေတယ်’’ ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အရှင်များကို တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့နေသည့် လမ်းကြောင်းများမှာ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝင်းကြီးရပ်ကွက်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့များတွင် နွားများစုကာ တင်ပို့နေကြသည်။ ထို့အပြင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီး သီးမှ နွားများသည် စုရပ်အသီးသီးမှနေ၍ မြစ်ကြီးနား-ဗန်းမော်- လိုင်ဇာ၊ အောင်ပန်း-နမ့်ဆန်- ထိုင်းနိုင်ငံသို့လည်း သွားကြကြောင်း 7 Day News မှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ပြည်ပနိုင်ငံများသို့ နွားအရှင်တင်ပို့ခွင့်လိုင်စင်ရရန်မှာ စနစ်တကျမွေးမြူထားသည့် အသားစားနွားများဖြစ်ကြောင်း အထောက်အထားပြပြီးနောက် သက်ဆိုင်ရာက ခွင့်ပြုမှသာ ကျန်းမာရေး ထောက်ခံချက် လက်မှတ်ဖြင့် တင်ပို့ကြရသည်။ ၂၀၁၁ ခုနှစ်က မလေးရှားနိုင်ငံသို့ နွားအရှင်တင်ပို့ခွင့်ရသော ကုမ္ပဏီနှစ်ခုသည် ကောင်ရေတစ်သောင်း တင်ပို့ခွင့်လိုင်စင်ရခဲ့ပြီး နောက် ရာဂဏန်းသာ နှစ်ကြိမ် တင်ပို့နိုင်ပြီး လိုင်စင်ရုပ်သိမ်းခံခဲ့ရသည်။ ယခုနှစ် ဖေဖော်ဝါရီလကလည်း ကုမ္ပဏီတစ်ခုမှ နွားအရှင် ကောင်ရေ ၃၀၀ မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရခဲ့ကြောင်း မြန်မာ နိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြားသည်။

7Day Daily Newspaper

မှတ်ချက်များ