အခြေခံဥပဒေပြင်ဖို့ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော် အမတ်များ တောင်းဆို

 

၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနဲ့ ပင်လုံညီလာခံလိုမျိုး ညီလာခံတစ်ရပ်ခေါ်ယူပေးဖို့  ဒီကနေ့ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။

ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ၁၉၉ဝ ခုနှစ်က ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆ဝ လောက်တက်ရောက် ခဲ့ပြီး အဖွဲ့ဝင် ၂၅ ယောက် ပါဝင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကို နှိုင်းယှဉ်ပြီး အခုလို ပြောပါတယ်။

"၁၉ဝ၀ပြည့်ရွေးကောက်မှာ ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကြီးဟာ စစ်အစိုးရကကျင်းပ ပေးခဲ့တဲ့ အတွက် အဲ့ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီး တရားမျှတမယ်ဆိုတာ ကျနော်တို့ လက္ခံပါတယ်၊ဒါပေမဲ့ ၂ဝဝ၈ အခြေခံဥပဒေပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ၂ဝ၁ဝရွေးကောက်ပွဲဟာ လွတ်လပ်ဖို့တော့ ရှိရင်ရှိမှာပေါ့လေ ဒါပေမဲ့ တရားမမျှတဘူး အငြင်းပွားဖွယ်ရာ ယနေ့တိုင် ရင်ဆိုင်နေရပါတယ်"

ဒီနေ့ကြေညာချက်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို ထောက်ခံကြောင်း နဲ့ နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို သုံးသပ်ပြီး အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် လိုအပ်ချက်တွေ ကို ပြင်ဆင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပါရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပါတီပေါင်း ၂၇ ခု ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၃၉၂ ဦးနဲ့ အများဆုံး အနိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၃ ဦးနဲ့ ဒုတိယ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ၁၂ ဦးနဲ့ တတိယ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကစတုတ္ထနေရာ ရရှိခဲ့ပါတယ်။

RFA (မြန်မာပိုင်း)

မှတ်ချက်များ