မြေယာရှားပါးမှုကြောင့် အထည်ချုပ်လုပ်ငန်းအချို့ ရန်ကုန်ပြင်ပ ပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံဟုဆို
ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိသော အထည်ချုပ် လုပ်ငန်းများသည် မြေယာ ရှားပါးမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပ၌ပါ ပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
အထည်ချုပ် လုပ်ငန်းများသည် ၂၀၁၂ ခုနှစ်မတိုင်မီက ရန်ကုန်တိုင်းဒေသကြီး အတွင်း၌သာ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ရာမှ မြေယာရှားပါးမှု ပြဿနာကြောင့် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှ စတင်ကာ ရန်ကုန် တိုင်းဒေသကြီးပြင်ပ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ပါ နေရာပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံမှုများ ရှိလာသည်ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်မူ မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်နှင့် ပဲခူးတိုင်းဒေသကြီး အင်းတကော်အထိ တိုးချဲ့ ရင်းနှီးမြှုပ်နှံ လာကြသည်ဟု ၎င်းကပြောကြားသည်။
“အခုဆို လူတွေက မြေအတွက် စကားပြောနေရပြီ။ ပုသိမ်မှာ လက်ရှိစက်ရုံ ဖွင့်ထားတဲ့လူတွေအပြင် မြေဝယ်ထားတဲ့ လူတွေလည်း ရှိတယ်။ မန္တလေးမှာ ဆိုရင်လည်း တစ်ဆင့်ခံ စက်ရုံအနေနဲ့ ဖွင့်ဖို့ လုပ်နေတာတွေ ရှိတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဟောင်ကောင် အထည်ချုပ် လုပ်ငန်းများသည် ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန်တွင် အထည်ချုပ် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမည်ဟု ပြည်ပ မီဒီယာများက ဖော်ပြခဲ့ကြသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကမူ ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက အခက်အခဲမှာ မြေဈေးကြီးမြင့်မှုနှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းကဲ့သို့ အခြေခံ အဆောက်အဦ မလုံလောက်ခြင်းများ ဖြစ်သည် ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိသော လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင်မူ ရင်းနှီးမြှုပ်နှံရန် မြေလွတ်များ မကျန်ရှိတော့ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
မြန်မာ့အထည်ချုပ် လုပ်ငန်းသည် ဥရောပနိုင်ငံများ၏ တစ်ဖက်သတ်အခွန် ကင်းလွတ်ခွင့်များကို ရရှိပြီးနောက် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လျက် ရှိပြီး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ခန့် ရရှိထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းထံမှ သိရသည်။
The Voice Weekly

မှတ်ချက်များ