ဥပဒေများဖောင်းပွနေသော မီဒီယာလောက

ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းသမားတို့ကြား အငြင်းပွားမှု ပြင်းထန်ခဲ့သော သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။ ဥပဒေနှစ်ခုသည် ရုတ်တရက်ကြည့်လျှင် သီးခြားစီဟုထင်ရသော်လည်း သတင်းသမား၊ ပုံနှိပ်သူ၊ ထုတ်ဝေသူတို့မှာ ဆက်စပ်နေခြင်းဖြစ်ပြီး ဥပဒေနှစ်ခုလုံး၏ အာဏာစက်မှာ သတင်းသမားများပေါ်တွင် ကျရောက်သက်ဝင်လာမည်ဖြစ်ကြောင်း သတင်းမီဒီယာအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုမှုများရှိလာသည်။

ထို့ကြောင့် သတင်းသမားများက မည်သည့်ဥပဒေ အောက် တွင် ရပ်တည်လုပ်ကိုင်ရမည်နည်းဆိုသည့် မေးခွန်းများထွက်ပေါ်လာသည်။

ယင်းဥပဒေနှစ်ခုမရှိမီက သတင်းသမားများနှင့် ထုတ်ဝေသူ၊ ပုံနှိပ်သူများသည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင် ဥပဒေအောက်တွင် အလုပ်လုပ်ခဲ့ကြရသည်။ ထုတ်ဝေစာများ ကြိုတင်စိစစ်ဖြတ်တောက်ခြင်းကို ၂၀၁၂ သြဂုတ်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် သတင်းရေးသားဖော်ပြမှုများ အထိုက်အလျောက် လွတ်လပ်ခွင့်ရလာခဲ့သည်။ သို့သော် သတင်းသမား အချို့မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးအရေးယူ ထောင်ချမှုများ ယခုထိ ကြုံနေရဆဲဖြစ်သည်။

ဥပဒေနှစ်ခုမရှိမီက ကျင့်ဝတ်နှင့်မညီသည့်သတင်းများ အသားပေးဖော်ပြသည့် သတင်းဂျာနယ်များစွာ ထွက်ပေါ်နေသည်။ ယခု ဥပဒေနှစ်ခုထွက်ပေါ်လာပြီးနောက် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်များ ဖြေရှင်းနိုင်မည့်အချက်များ ပါဝင်လာသည်။ အထူးသဖြင့် မကြာသေးမီက အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည့် သတင်းဓာတ်ပုံနှင့် အရုပ်အသံများဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ်ဖြင့် ပြုပြင်ပြောင်းလဲခြင်းကိစ္စများ၊ သတင်းရေးသားရာတွင် သတင်းထောက်က မိမိထင်မြင်ယူဆချက်၊ အာဘော်များ ထည့်သွင်းရေးသားခြင်း စသည့်ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စများကို ရှောင်ကြဉ်ရမည်ဟု သတင်းမီဒီယာဥပဒေတွင် ထည့်သွင်းထားသည်။

သို့သော် ယခုဥပဒေနှစ်ရပ်သည် အခေါ်အဝေါ်အားဖြင့်သာ ကွာခြားသော်လည်း လုပ်ငန်းချင်း ဆက်စပ်နေသည့်အတွက် ဥပဒေတစ်ခုတည်းသာ ဖြစ်သင့်ကြောင်း စာရေးဆရာဖေမြင့်ကပြောသည်။

‘‘အမှန်တော့ အကြောင်းအရာတစ်ခုကို ခြုံငုံတဲ့ဥပဒေဟာ တစ်ခုတည်းဖြစ်သင့်တယ်။ အခုဥပဒေက နှစ်ခုရှိခြင်းကြောင့် အစိုးရကနေ ပုံနှိပ်နှင့်ထုတ်ဝေခြင်းကနေတစ်ဆင့် စာနယ်ဇင်းသမားတွေကို ဆက်လက်ပြီး ချုပ်ကိုင်နိုင်တဲ့ပုံစံမျိုး ရှိတော့ရှိနေတယ်’’ဟု ၎င်းကဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့ လိုက်နာရမည့် စည်းကမ်းချက်လေးချက်သည် သတင်းသမားများကို သွယ်ဝိုက်ထိန်းချုပ်ရာရောက်နေပြီး ယင်းအချက်လေးချက်က လက်ရှိ တရားစီရင်ရေးတွင်လည်း တည်ဆဲဥပဒေများနှင့် အရေးယူနိုင်သည့်အချက်များ ဖြစ်နေသည်။

ထို့အပြင် ယခင် ၁၉၆၂ ဥပဒေကဲ့သို့ပင် ထုတ်ဝေခွင့်ကို ၀န်ကြီးဌာနထံ မှတ်ပုံတင်လျှောက်ထားရခြင်း၊ မှတ်ပုံတင်ကို ရုပ်သိမ်းနိုင်ခြင်းတို့ ပါဝင်နေဆဲဖြစ်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်နေရာတွင်သာ ယခင်ထောင်ဒဏ်များကို ပယ်ဖျက်၍ ငွေဒဏ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်းအချက်လေးချက်ကို ဥပဒေတွင် ထည့်သွင်းထားခြင်းဖြင့် သတင်းသမားများနှင့် ထုတ်ဝေသူ၊ ပုံနှိပ်သူတို့မှာ တည်ဆဲဥပဒေနှင့်ရော ပုံနှိပ်ထုတ်ဝေဥပဒေဖြင့်ပါ နှစ်ဆင့်နှစ်ခါ အရေးယူခံရနိုင်သည့် အခြေအနေဖြစ်နေကြောင်း ထုတ်ဝေသူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ စာရေးဆရာဖေမြင့်ကပြောသည်။

‘‘ဒီအချက်တွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကလည်း လက်ရှိမှာ တည်ဆဲဥပဒေတွေအနေနဲ့ရှိနေတယ်။ တကယ်ချိုးဖောက်ကြောင်း ထင်ရှားရင် အဲဒီဥပဒေနဲ့ တရားစွဲခံရမှာ သေချာတယ်။ အဲဒါတွေရှိရက်သားနဲ့ အခုပုံနှိပ်နဲ့ ထုတ်ဝေဥပဒေမှာ ဒါတွေကို တစ်ဆင့်အနေနဲ့ ဖော်ပြထားပြီးတော့ မီဒီယာသမားကို အရေးယူဖို့အတွက် နှစ်ဆင့်နှစ်ထပ် အရေးယူမယ့်သဘောပဲ’’ဟု ၎င်းကဆိုသည်။

ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့ လိုက်နာရမည့်အချက်လေးချက်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုအခွင့်အရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို  အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ဖြစ်သည်။

အဆိုပါလေးချက်ဖြင့် ငြိစွန်းကြောင်း တစ်စုံတစ်ဦးက တရားရုံးသို့ တိုင်ကြားရုံဖြင့်ပင် ထုတ်ဝေစာတစ်ခုကို တရားရုံး၏ ဆင်ခြင်တုံတရားဖြင့်မဖြန့်ရန် တားဆီးထားနိုင်ပြန်သည်။

စာနယ်ဇင်းကောင်စီက ရေးဆွဲထားသည့် သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာသမားများသည် အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုးကို ရှောင်ကြဉ်ခြင်း၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း၊ သတင်းတိုင်း အချက်အလက်မှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည့်စုံစေရန် စိစစ်ခြင်း၊ သတင်းကိုပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ထင်ရှားသောစာမျက်နှာတွင် ဖော်ပြပေးခြင်းနှင့် အခြားမီဒီယာဖြစ်ပါက အနီးဆုံးအချိန်တွင် အမြန်ဆုံးဖော်ပြခြင်း စသည့်အချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စာနယ်ဇင်းကောင်စီကရေးဆွဲသည့် သတင်းမီဒီယာဥပဒေသည် သတင်းသမားများလိုက်နာရမည့် ကျင့်ဝတ်နှင့်တာဝန်များ၊ သတင်းသမားများ၏ ရပိုင်ခွင့်များကို ထည့်သွင်းထားသော်လည်း လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် အဓိကကျသည့် အချက်နှစ်ချက်ကို လျှော့ချဖြုတ်ပယ်လိုက်ရခြင်းကြောင့် သတင်းသမားများအတွက် အပြည့်အ၀ ကာကွယ်ပေးနိုင်သည့်ဥပဒေ ဖြစ်မလာခဲ့ပါ။

ယင်းနှစ်ချက်မှာ သတင်းရေးသားခြင်းကြောင့် ပြဿနာပေါ်ပေါက်ပါက နစ်နာသူသည် သတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရမည်ဆိုခြင်းအစား တိုင်ကြားနိုင်သည်ဟု လွှတ်တော်က ပြင်ဆင်လိုက်ပြီး သတင်းထောက်များ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှုများရှိပါက သတင်းမီဒီယာဥပဒေဖြင့်သာ အရေးယူရမည်ဆိုသည့်အချက်များ ဖြုတ်ပယ်ခံလိုက်ရသည်။

‘‘သတင်းမီဒီယာဥပဒေမှာ ကျွန်တော်တို့အတွက် ရပိုင်ခွင့်တွေ၊ လွတ်လပ်စွာစုံစမ်းဖော်ထုတ် ဝေဖန်ထောက်ပြရေးသားပိုင်ခွင့်တွေ၊ သတင်းအချက်အလက် မှတ်တမ်းတွေ တောင်းယူကြည့်ရှုပိုင်ခွင့်တွေကို ပေးထားတယ်ဆိုပေမယ့် တကယ်ရ၊ မရ မသေချာဘူး။ သတင်းမေးရင်တောင် စာတင်ပြီးမှမေးပါလို့ပြောတဲ့ ၀န်ကြီးဌာနတွေ အများကြီး။ ဒီဥပဒေနှစ်ခုအရ လွတ်လပ်ခွင့်ရပေမယ့် အသရေဖျက်မှုပုဒ်မ ၅၀၀၊ လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေ၊ အီလက်ထရွန်နစ်ဥပဒေ ဒါတွေနဲ့လည်း စွဲလို့ရနေတယ်’’ဟု The Voice နေ့စဉ်သတင်းစာမှ အယ်ဒီတာကိုအောင်စိုးကပြောသည်။

‘‘ဒီဥပဒေနှစ်ခုကို အတည်ပြုလိုက်တာတော့သိတယ်။ ဒါပေမဲ့ သိပ်တော့မလေ့လာဖြစ်သေးဘူး။ ဒီဥပဒေထဲမှာ သတင်းထောက်တွေအတွက် ဘယ်လောက်ထိ ကာကွယ်ပေးထားလဲ။ ကိုယ်ရေးတဲ့သတင်းမှာ ဘယ်လိုအချက်တွေဆိုရင်တော့ ဘယ်ဥပဒေနဲ့ငြိစွန်းနိုင်တယ်၊ အဲဒါတွေ သိထားသင့်တာပေါ့’’ဟု အခွင့်အလမ်းဂျာနယ်မှ သတင်းထောက်မကျော့ကေခိုင်ကပြောသည်။

နစ်နာသူ၏ တိုင်ကြားနိုင်သည့် အခွင့်အရေးကို မကန့်သတ်လိုသည့်အပြင် စာနယ်ဇင်းကောင်စီကိုလည်း လုပ်ပိုင်ခွင့်အပြည့်အ၀ရှိသည့်ကောင်စီ မဖြစ်စေလိုသည့်အတွက် ယင်းအချက်မှာ လွှတ်တော်တွင် ပြုပြင်ခံလိုက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂမှ ဦးဇော်သက်ထွေးကဆိုသည်။

‘‘အခု သတင်းထောက်တွေ တရားစွဲခံနေရတာ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့၊ ဆူပူလှုံ့ဆော်မှု ၅၀၅(ခ)တို့ အိမ်ကျော်နင်းမှုတွေဆိုတာ တကယ်တမ်းတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စတွေ။ ဒီကိစ္စတွေကို သတင်းမီဒီယာဥပဒေဖြင့်သာ အရေးယူခံရမည်ဆိုတဲ့ဥစ္စာလည်း လွှတ်တော်မှာ အပြင်ခံလိုက်ရတယ်။ ဒါဟာ ကျွန်တော်တို့ဥပဒေအတွက် အားနည်းချက်တစ်ခုလို ဖြစ်သွားတယ်’’ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှူးဦးမြင့်ကျော်ကပြောသည်။

‘‘အရင် မဆလခေတ်က သူတို့နဲ့ ဆန့်ကျင်ထုတ်ဝေစာကို ၁၉၆၂ ဥပဒေနဲ့ရော ပုဒ်မ၅(ည)နဲ့ပါ အရေးယူတယ်။ အခု ဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ Context အချက်လေးခုဟာလည်း အပြင်မှာ တည်ဆဲဥပဒေတွေရှိတုန်းပဲ။ ဒီတော့ တည်ဆဲဥပဒေနဲ့လည်း အရေးယူနိုင်သလို ပုံနှိပ်ထုတ်ဝေနဲ့လည်း အရေးယူနိုင်တယ်။ ဥပဒေနှစ်ခုနဲ့ အရေးယူနိုင်သလိုပေါ့။ ဘာမှမထူးဘူး’’ဟု ၎င်းကဆက်လက်ပြောကြားသည်။

 ‘‘ပြန်ကြားရေးက သတင်းထောက်တွေကို ကိုင်တွယ်လို့မရရင် အဓိကခေါင်ကို တက်ကိုင်ထားရမယ်ဆိုတာ နားလည်တယ်။ ဒီတော့ ပုံနှိပ်ထုတ်ဝေဥပဒေကို ရေးဆွဲတယ်။ သတင်းထောက်တွေအတွက် ဒီဥပဒေက လိုကိုမလိုဘူး။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ တစ်ခဲနက်အတည်ပြုတဲ့အတွက် ကျွန်တော်တို့က ဒီမိုကရေစီနည်းကျကျနဲ့ ပြစ်ဒဏ်တွေကို ငွေဒဏ်တွေပဲဖြစ်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က လိုက်ညှိရတယ်’’ဟု ဦးကျော်မင်းဆွေကဆိုသည်။

အသွင်ကူးပြောင်းစနိုင်ငံများတွင် အုပ်စိုးသူအာဏာရှင်များမှာ ဥပဒေများကို ရှုပ်ထွေးအောင် ပြဋ္ဌာန်းခြင်းဖြင့် လွတ်လပ်ခွင့်ကို ကန့်သတ်နေပြီး မီဒီယာများအနေဖြင့် အရေးကြီးဆုံးမှာ ကျင့်ဝတ်ဖြစ်ပြီး မိမိကိုအန္တရာယ်ပေးနိုင်သည့် ဥပဒေများကို သိထားရန်လိုကြောင်း ၎င်းကဆက်လက်ပြောသည်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပုံနှိပ်ထုတ်ဝေဥပဒေတွင် ထည့်ထားသည့်အချက်လေးချက်မှာ လူတိုင်းလိုက်နာရမည့်အချက်ဖြစ်ပြီး နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ကွန်ဗင်းရှင်းများတွင်လည်း ယင်းအတိုင်းပင် ကျင့်သုံးကြောင်းပြောကြားသည်။

‘‘ဒီအချက်တွေကို အုပ်ချုပ်မှုနည်းလမ်းနဲ့ အရင်စာပေစိစစ်လို တားတာမဟုတ်ဘူး။ တရားရုံးမှာ တားတာဖြစ်ပါတယ်။ တရားရုံးအဆုံးအဖြတ်က အဓိကပဲ။ သိပ်မကြာခင်က ဥရောပသတင်းစာတစ်ခုမှာ ဖော်ပြခဲ့တဲ့ ကာတွန်းဟာ အစ္စလာမ်ဘာသာဝင်တွေကို စော်ကားရာရောက်တဲ့အတွက် တားမြစ်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။ ဒါဟာ ဘာမှသွယ်ဝိုက်ကန့်သတ်တာ မဟုတ်ဘူး။ စာနယ်ဇင်းကျင့်ဝတ်အရလည်း ဒီလိုမျိုးမရေးဖို့ပါပြီးသားပဲ’’ဟု ၎င်းကဆိုသည်။

ဒီမိုကရေစီနိုင်ငံအများစုတွင် ပြည့်စုံသောမီဒီယာဥပဒေ တစ်ခုတည်းရှိပြီး နောက်ထပ်ပေါ်ပေါက်လာသော မီဒီယာအမျိုးအစားကို အပိုဒ်ခွဲများဖြင့် ဖြည့်စွက်ခြင်းသာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ မီဒီယာလောကတစ်ခုတည်းတွင် သတင်းထောက်များအတွက် ဥပဒေတစ်ခု၊ ပုံနှိပ်သူနှင့် ထုတ်ဝေသူများအတွက် ဥပဒေတစ်ခုရှိသွားပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းထားသည့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှစ်ခုကို လွှတ်တော်သို့ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းထားပြီးဖြစ်သည်။

ဥပဒေတစ်ခုစီအောက်တွင် မီဒီယာကောင်စီ အသီးသီးပေါ်ပေါက်လာဦးမည်ဖြစ်ပြီး ကောင်စီတစ်ခုချင်းစီအောက်က ကောင်စီဝင်များ၏ ဆုံးဖြတ်ချက်များနှင့် လုပ်ပိုင်ခွင့်များမှာလည်း မတူညီရာ ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။

‘‘ကောင်စီတစ်ခုက ဆုံးဖြတ်ချက်ကို တခြားကောင်စီက ကွန်ပလိန်းတက်တာတွေ ဖြစ်လာနိုင်တယ်။ အချင်းချင်းရှုပ်ထွေးမှုတွေ ဖြစ်လာတဲ့အခါမှာ ဒါတွေကို ဖြေရှင်းနိုင်မယ့် အဆုံးအဖြတ်ပေးသူဟာ ပြန်ကြားရေးဖြစ်ပါတယ်ဆိုပြီး ပြန်ကြားရေးက နေရာယူမယ်။ သူတို့အခန်းကဏ္ဍကို သူတို့ လုံးဝအလွတ်မခံတော့ဘူး။ ဒါတွေကိုဖြစ်အောင် တမင်ဖန်တီးနေတယ်လို့ ထင်တယ်။ ဥပဒေတွေဟာ အမျိုးမျိုးကိုမရှိသင့်ဘူး’’ဟု ဦးဇော်သက်ထွေးကပြောသည်။

အေးသူစံ | 7 day daily

မှတ်ချက်များ