ယူနက်စကိုအဖွဲ့တစ်ခုတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်ရန် ဒေါက်တာအောင်ထွန်းသက် ရွေးချယ် ခံရ




ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးနှင့် ပညာရေးဆိုင်ရာအဖွဲ့ကြီးတစ်ခုဖြစ်သော ယူနက်စကို (UNESCO) ၏ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်မြင့် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံမှ ပါမောက္ခဒေါက်တာအောင်ထွန်းသက်အား ရွေးချယ်ခန့်အပ်ခဲ့ သည်ဟု သတင်းရရှိသည်။

ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှု ရေးအကြံပေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်အား ယင်းအဖွဲ့၏အုပ်ချုပ်မှုအဖွဲ့ဝင် ၁၀ ဦးတွင်ပါဝင်ထမ်းဆောင်ရန် ယူနက်စကိုရုံးချုပ် (ပါရီ) က ယခုရက်အတွင်းခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံ သားပညာရှင်တစ်ဦးအနေဖြင့် ပထမဆုံးရွေးချယ်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

“တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်တယ်လို့မထင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုတယ်။ နားလည်တယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဝင်ဆံ့လာပြီဆိုတဲ့ သဘောမျိုးဖြစ်ပါ တယ်” ဟုယူနက်စကို၏ တာဝန်ပေးအပ်ခြင်းခံရသော ဒေါက်တာအောင်ထွန်းသက်က မှတ်ချက်ပြု သည်။

ဒေသအတွင်း ယဉ်ကျေးမှု၊ ပညာရေးမြှင့်တင်မှု၊ သုတေသနလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ယူနက်စကို၏ အိန္ဒိယနိုင်ငံဒေလီမြို့အခြေစိုက်မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာပညာရေးဗိမာန်ကလုပ်ဆောင်မည်ဖြစ်ပြီး အုပ်ချုပ်မှုအဖွဲ့တွင် နော်ဝေး၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကာဇက်စတန်နှင့် အာဆီယံနိုင်ငံများနှင့် ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံ တို့မှ ပညာရှင်များပူးပေါင်း၍ စီမံခန့်ခွဲမှုပြုလုပ်မည်ဖြစ်သည်။

“ယူနက်စကိုက ပညာရေးနဲ့ပတ်သက်ရင် တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းကြီး။ မြန်မာနိုင်ငံနဲ့ပိုပြီး တော့သင့်တော်တာက လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုအရှိန်ကို မြှင့်တင်ဖို့၊ သုတေသန တွေလုပ်ဖို့၊ ပညာရေးသက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက်ပါ အထောက်အပံ့၊ အကူအညီတွေ ပေးဖို့ မဟတ္တမဂန္ဒီ ပညာရေးဗိမာန်ကလုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟု ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

အိန္ဒိယနိုင်ငံနယူးဒေလီမြို့ရှိ မဟတ္တမဂန္ဒီငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရေးဗိမာန်သည် အာရှ-ပစိဖိတ်ဒေသတွင်း ယူနက်စကို၏ ပထမဆုံးပညာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 ရဲနောင် | 7Day Daily

မှတ်ချက်များ