တရားရုံးထုတ်တရားခံထံသို့ ဧည့်တွေ့လာသူများမှ မူးယစ်ဆေးဝါးများ ပေးသည်ကို စစ်ဆေးတွေ့ရှိ အရေးယူ

 
၁၈.၃.၂၀၁၄ ရက်နေ့ ၁၆၂၀အချိန် တောင်ဥက္ကပလာပ မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းမှတ်တမ်း တာဝန်ခံအရာရှိနှင့် အချုပ်ယာဉ်လမ်းကြောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပ မြို့နယ်တရားရုံးအချုပ်၌ ရုံးထုတ် တရားခံများကို အချုပ်ယာဉ်ပေါ်သို့တင်ဆောင်နေစဉ် အနောက်ပိုင်းခရိုင် တရားရုံး ပြစ်မှုကြီးအမှတ်၂၀/၂၀၁၃၊မူး/စိတ်ပုဒ်မ၁၉(က)အရ ထောင်ဒဏ် (၁၁)နှစ်ကျခံနေရပြီး တောင်ဥက္ကလာပမြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၇၁၄/၁၂၊ မူး/စိတ်ပုဒ်မ-၁၅/၁၆(ဂ)/၂၁ အမှုဖြင့်တရားစွဲတင်ထားသော တရားရုံးထုတ်တရားခံ ကျော်သူရ(ခ)သိန်းဆွေ၊ (၃၄)နှစ်၊ (ဘ)ဦးလှထွန်း၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူထံသို့ ဧည့်တွေ့လာရောက်သော ၎င်း၏ညီမဖြစ်သူ မတင်စန်းအေး၊ (၂၇)နှစ်၊ (ဘ)ဦးလှထွန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူမှ ORCHID တစ်ရှူးအထုပ်(၁)ထုပ်အား အချုပ်ယာဉ်ဘေးမှ ပေးလိုက်သည်ကို လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်များကတွေ့ရှိသဖြင့် စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ တစ်ရှူးထုပ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစများဖြင့် ထုပ်ပိုးထားသော အလေးချိန်(၀.၁၇)ဂရမ်ခန့်စီရှိ ဘိန်းဖြူဟုယူဆရသော အဖြူမှုန့်များပါ ပလပ်စတစ်ဘူးငယ်(၉)ဘူး၊ စုစုပေါင်းအလေးချိန်(၁.၅၃)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ပါသည်။

၎င်းတို့အားစစ်ဆေးရာ အဆိုပါမူးယစ်ဆေးဝါးများအား မတင်စန်းအေးနှင့် အတူပါလာသော ကျော်သူရ(ခ)သိန်းဆွေ၏ ပထမဇနီးဖြစ်သူ မခင်မျိုးဦး၊ (၃၆)နှစ်၊ (ဘ)ဦးအောင်ထွန်း၊ လှိုင်သာယာမြို့နယ် နေသူကပေးခိုင်းခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ စစ်ဆေးသိမ်းဆည်းရမိခဲ့သည့်အတွက် မတင်စန်းအေး၊ မခင်မျိုးဦးနှင့် ကျော်သူရ(ခ)သိန်းဆွေတို့(၃)ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း မယ(ပ)၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ-၁၅/ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်း ရရှိပါသည်။

Yangon Police

မှတ်ချက်များ