စွမ်းအင်မူဝါဒ ပြန်လည်သုံးသပ်ရန်လိုပြီ

မြန်မာနိုင်ငံတွင်နေထိုင်သူ လူဦးရေသန်းခြောက်ဆယ်ရှိသည့်အနက် အစိုးရလျှပ်စစ်ဓာတ်အားသုံးစွဲသူမှာ အိမ်ထောင်စု ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည့်အပြင် မြို့ကြီးများတွင် လည်း လျှပ်စစ်မီးပုံမှန်မရရှိခြင်းနှင့် ဓာတ်အားပြတ်တောက်ခြင်းများကို နှစ်စဉ်ကြုံတွေ့နေရသည်။

သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်သည့် နိုင်ငံဖြစ်သော်လည်း သဘာဝဓာတ်ငွေ့လုပ်ကွက်များကို နိုင်ငံတကာ သို့ ရောင်းချထားပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန် ရေအားလျှပ်စစ် နှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား တိုးထုတ်လုပ်ရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်ယူမှု မှာ ရေအားလျှပ်စစ်မှ ၂၇၇၃ မဂ္ဂါဝပ် (၇၂ ရာခိုင် နှုန်း)၊ သဘာဝဓာတ်ငွေ့မှ ၁၄၅၂ မဂ္ဂါဝပ် (၁၈ ရာခိုင်နှုန်း)၊ ကျောက်မီးသွေးမှ ၂၈၅ မဂ္ဂါဝပ် (၈ ရာခိုင်နှုန်း)၊ ဒီဇယ်လျှပ်စစ်မှ ၆၀ မဂ္ဂါဝပ် (၂ ရာခိုင် နှုန်း) စုစုပေါင်းမဂ္ဂါဝပ် ၄၅၇၀ ထုတ်ယူနိုင် သည့် စက်တပ်ဆင်အားဖြင့် လည်ပတ်နေသည်။

ထုတ်ယူနေသည့် မဂ္ဂါဝပ် ၄၅၀၀ ကျော်မှ နှစ်စဉ် ၄၀ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၁၈၀၀ ခန့်)မှာ လေလွင့်ပျောက်ဆုံးနေပြီး မဂ္ဂါဝပ် ၃၆၀၀ ကျော်ကိုသာ သုံးစွဲနေသည်။ မဂ္ဂါဝပ် ၃၆၀၀ ကျော်မှ နိုင်ငံပိုင် စက်ရုံ၊ အိမ်၊ ရုံး၊ ဆေးရုံ၊ ကျောင်းများ ၆၁ ရာခိုင်နှုန်း၊ သမ၀ါယမလုပ်ငန်းများက ၂၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိကလုပ်ငန်းများက ၁၄ ရာခိုင်နှုန်း သုံးစွဲနေသည်ဟု အစိုးရထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲရန် နှစ်စဉ်လိုအပ်ချက်မှာ မဂ္ဂါဝပ် ၁၀၀၀ ကျော်ရှိနေသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ တစ်နှစ်လျှင် စုစုပေါင်းထုတ်နေသည့် ပမာဏတွင် ၁၅ ရာခိုင်နှုန်း ပုံမှန်တိုးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

အစိုးရအကောင်အထည်ဖော်ရန် လျာထားသည့် ရေအားလျှပ်စစ်စီမံကိန်း ၆၃ ခုရှိသည်။ ထိုစီမံကိန်း ၆၃ ခုအနက် ၀န်ကြီးဌာနက စီမံကိန်း ၁၁ ခုကို ကိုယ်တိုင် အကောင်အထည်ဖော်နေပြီး ရေအားလျှပ်စစ်စီမံကိန်းကြီးငါးခုကို B.O.T (တည်ဆောက်၊ လုပ်ကိုင်လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ပြီး B.O.T နှင့် အကျိုးတူပူးပေါင်းမှု (JV) ဖြင့် ၄၇ ခု လုပ်ကိုင်ရန်ရှိသည်ဟု သတင်းရရှိသည်။

အကြီးစားရေအားလျှပ်စစ်စီမံကိန်းများကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးလေးခုမှ ထုတ်ယူမည်ဖြစ်သည်။ အလတ်စား ရေအားလျှပ်စစ်များကို မြစ်လက်တက်များမှ ထုတ်ယူရန် အစိုးရက လျာထားခြင်းဖြစ်သည်။

ပြည်တွင်းသုံးစွဲမှုအတွက် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ်တစ်ထောင်ကျော်ရှိသည်ဟု အစိုးရက ခန့်မှန်းထားသော်လည်း အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ မဂ္ဂါဝပ် ၃၀ အထက်မှ ၇၁၁၀ အထိ ထုတ်လုပ်မည့် စီမံကိန်းများ ပါဝင်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ထုတ်ယူရရှိသည့် လျှပ်စစ်ထက်ဝက်ခန့်ကို အခြားနိုင်ငံများသို့ ရောင်းချရန် လုပ်ကိုင်ခွင့်များ ပေးထားသည့်အတွက် လူထုကို ဖြည့်ဆည်းရန်မဟုတ်ဘဲ ဈေးကွက်ကိုယ်စားပြုနေကြောင်း စွမ်းအင်လေ့လာစောင့်ကြည့်သူများက ဝေဖန်ကြသည်။

‘‘အစိုးရက လူထုရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ထုတ်တယ်လို့ပြောတယ်။ တကယ်ပြည်သူတွေအတွက်ဆိုရင် အခုလိုအပ်နေတဲ့ တစ်ထောင်ကျော်ကို ဖြည့်တင်းဖို့ မဂ္ဂါဝပ်သုံးထောင်လောက် ထုတ်နိုင်တဲ့ ရေအားလျှပ်စစ်တစ်ခုလောက်ကို တည်ဆောက်ရင် ကိစ္စပြတ်တယ်’’ဟု မဲခေါင် စွမ်းအင်နှင့်ဂေဟစနစ်ကွန်ရက်မှ တာဝန်ရှိသူ ဦးကြည်ဖြိုးကပြောသည်။

လက်ရှိအခြေအနေတွင် အကြီးစားစီမံကိန်းများ အကောင်အထည်ဖော်ရန် မလိုအပ်သေးဘဲ လျှပ်စစ်လိုအပ်ချက်အမှန်ကို သေချာတိုင်းတာပြီး အမှန်အတိုင်းဖြည့်ဆည်းခြင်းက ပိုမိုကောင်းမွန်သည်ဟု စွမ်းအင်ပေါ်လစီရေးဆွဲရေးတွင် ပါဝင်သူ ဦးအောင်မြင့်ကပြောသည်။

‘‘သုံးထောင်ထက် ဆယ်ဆတိုးဦး၊ သုံးသောင်းအထိတောင် မလိုသေးဘူး။ နောက်ဆိုရင် လိုအပ်လာမှာက တစ်မျိုးပေါ့။ လိုတာထက် လိုအပ်ချက်ကို ပိုပြီးခန့်မှန်းထားမယ်ဆိုရင် ထိုင်းတို့လို ရှုပ်ထွေးတဲ့ပြဿနာမျိုး ကြုံရလိမ့်မယ်’’ဟု ပြည်ပြန်စွမ်းအင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ထပ်မံပြောသည်။

မြန်မာနိုင်ငံ လက်ရှိကျင့်သုံးနေသော စွမ်းအင်ဖွံ့ဖြိုးရေးပေါ်လစီသည် အရပ်သားလူထုကို အကျိုးပြုစေသည့် စီမံကိန်းမျိုးမဟုတ်ဘဲ ကုမ္ပဏီနှင့် အိမ်နီးချင်းနိုင်ငံများ အကျိုးအမြတ်ရစေသည့် စီမံကိန်းများ ဖြစ်နေသောကြောင့် နိုင်ငံအတွက် မကောင်းကြောင်း အာဆီယံစွမ်းအင်ကွန်ရက်တွင် ပါဝင်သည့် TERRA (Towards Ecological Recovery and Regional Alliance) အဖွဲ့ ဒါရိုက်တာ မစ္စတာဆရီဆူဝမ်က သုံးသပ်ပြောသည်။

နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးကို တိုးထုတ်လုပ်ခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း လူဦးရေကို တိကျသည့် ကိန်းဂဏန်းများဖြင့် ဘယ်နှနှစ်အတွင်း မည်သည့်ဒေသသည် သေချာပေါက် လျှပ်စစ်မီးရရှိမည်ဟု ပြောကြားထားခြင်းမရှိကြောင်း မဲခေါင် စွမ်းအင်နှင့်ဂေဟစနစ်မှ ဦးကြည်ဖြိုးကလည်း ပြောသည်။

‘‘လာမယ့်ဆယ်နှစ်အတွင်း တစ်နိုင်ငံလုံးလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်မီးသုံးစွဲခွင့်ရမယ်လို့သာ အကြမ်းသဘောထားထုတ်ပြန်ထားတာ။ ဘယ်တော့ရမယ်လို့ တိကျအသေးစိတ်ကျတဲ့ အချက်အလက်တွေ အစိုးရက မထုတ်ပြန်ထားဘူး။ ထုတ်ပြန်ချက်တွေကလည်း ဝေေ၀၀ါးဝါးနဲ့ မတိကျမပြတ်သားဘူး’’ဟု ဦးကြည်ဖြိုးကပြောသည်။

အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်စီမံကိန်း ၆၃ ခုအနက် စီမံကိန်း ၅၀ နီးပါးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန် အစိုးရကစီစဉ်ထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှ အစိုးရက ၁၀ ရာခိုင်နှုန်း အခမဲ့ရရှိမည်ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ၀ယ်ယူရမည်ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်းသည် စွမ်းအင်လိုအပ်ချက်များနေသော တရုတ်နှင့်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန်ဖြစ်သည်။

နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားသည့် လျှပ်စစ်စီမံကိန်း ၆၃ ခု ရှိသည်ဆိုသော်လည်း စီမံကိန်းများကို လေ့လာနေဆဲဖြစ်သည့် အကောင်အထည်ဖော်ရန် သေချာသော စီမံကိန်းကြီးများမှာ နောင်ဖာနှင့် ကွမ်လုံ စီမံကိန်းကြီးနှစ်ခုဖြစ်ပြီး ချုပ်ဆိုသည့် စာချုပ်များသည်လည်း မြန်မာနိုင်ငံအတွက် အလေးသာသည့် စာချုပ်များဖြစ်သည်ဟု လျှပ်စစ်စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘ပြည်တွင်းဖူလုံရေးကို သွားနေတာပါ။ ပြည်ပ ရောင်းစားနေတာမဟုတ်ပါဘူး။ ပြည်သူ အထင်အမြင်လွဲမှားနေတာပါ။ အဲဒါကလည်း ကျွန်တော့်ဘက်က ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ပါ။ ဒီအပိုင်းတွေ ပြုပြင်သွားဖို့ရှိပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

လက်ရှိ အစိုးရအကောင်အထည်ဖော်နေသော ရေအားလျှပ်စစ်စီမံကိန်းနှင့် ကျောက်မီးသွေးစီမံကိန်းများကြီးကြောင့် ကမ္ဘာတွင် ပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို ခံစားနေရသည်။ လိုအပ်ချက်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အခြေအနေနှင့် ကြုံတွေ့ရပါက ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း၊ လူမှုစီးပွားထိခိုက်မှုစစ်တမ်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုများကို လုပ်ဆောင်၍ ညီမျှခြင်းချရမည့်လုပ်ငန်းများ ဖြစ်သည်။

‘‘ကိုယ့်နိုင်ငံအတွက် တကယ်ကောင်းမယ် အကျိုးရှိမယ်ဆိုရင် မဆောက်ရဘူးလို့ မဆိုပါဘူး။ ဆောက်တာကို လက်ခံရမှာပေါ့။ လူထုလည်း တကယ်အကျိုးရှိမယ်ဆိုရင်ပေါ့’’ဟု သံလွင်မြစ်တွင် တည်ဆောက်မည့် ၀ဲကြီးရေအားလျှပ်စစ်အနီး နေထိုင်သော KNU တပ်မဟာ(၅)မှ တပ်ရင်းမှူးကဆိုသည်။

စွမ်းအင်လိုအပ်ချက်ကို ပိုမိုတွက်ချက်ထားခြင်းကြောင့် နိုင်ငံတော်ဘတ်ဂျက်မှ စွမ်းအင်ထုတ်ယူရသည့် စရိတ်များတက်လာပြီး ထိန်းသိမ်းစရိတ်များ တက်လာသည်။ စွမ်းအင်ထုတ်ယူခြင်းမှ ပတ်ဝန်းကျင်ထိခိုက်မှုများကို ဂယက်ရိုက်လာပြီး လူထုကိုလည်း ၀န်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။

ရေအားလျှပ်စစ်စီမံကိန်းကြီးများသည် လူနှင့် ရေနေသတ္တ၀ါ၊ ဂေဟဗေဒစနစ်ကို ထိခိုက်စေသည့်အပြင် ကျေးရွာအမြောက်အမြား ပြောင်းရွှေ့ရမည်ဖြစ်သည်။ ထို့အပြင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ၏ အကျိုးသက်ရောက်မှုများကို မြစ်ကမ်းတစ်လျှောက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက အနည်းနှင့်အများ ထိခိုက်ခံစားရမည်ဖြစ်သည်။

စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီများက လျော်ကြေးမှလွဲ၍ ထိုပြဿနာများကို ရေရှည်ဖြေရှင်းရန် စီမံချက်ထားခြင်းမရှိဟု မြန်မာမြစ်ချောင်းများကွန်ရက်အဖွဲ့က ဆိုသည်။ ထို့ကြောင့် မြစ်ချောင်းများတွင် နေထိုင်နေသူများက စီမံကိန်းများကို ကန့်ကွက်ကြခြင်းဖြစ်သည်။

ထိခိုက်နိုင်မှုများကို စီးပွားရေး၊ လူမှုရေး ထိခိုက်နိုင်မှု စစ်တမ်း (EIA ၊ SIA) ကောက်ယူကြသည်ဟု ကုမ္ပဏီများက ဆိုကြသော်လည်း အဆိုပါစစ်တမ်းများကို မည်သည့်ကုမ္ပဏီများက လူထုသိရှိရန် တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိချေ။ အများပြည်သူသိရှိရန် လိုအပ်သည့် ရေ၀ပ်ဧရိယာကိုပင် ကုမ္ပဏီများက အသိမပေးဘဲ လျှို့ဝှက်ထားတတ်ကြသည်။

အစိုးရသစ်လက်ထက်တွင် လူထုက ရေအားလျှပ်စစ်စီမံကိန်းများအား ကန့်ကွက်ကြသော်လည်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ လျော့နည်းသွားခြင်းမရှိပေ။

စွမ်းအင်ထုတ်လုပ်ရာတွင် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးသည် ငွေကုန်ကြေးကျသက်သာပြီး အလျင်အမြန် အကောင်အထည်ဖော်နိုင်သော စီမံကိန်းများ ဖြစ်သောကြောင့် အစိုးရတိုင်းက နှစ်သက်ကြသည်။ သို့သော် မြန်မာနိုင်ငံသည် ပြည်တွင်း၊ ပြည်ပ စွမ်းအင်လိုအပ်ချက်၏ အလယ်ဗဟိုတွင် ရောက်ရှိနေသည်။ စီမံကိန်းများကို အလျင်အမြန် အကောင်အထည်ဖော်နိုင်သည့် အရင်းမြစ်များလည်း အသင့်ရှိနေသည်။

မြန်မာနိုင်ငံတွင် မတို့မထိရသေးသော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် ရေအရင်းအမြစ် ၉၂ ရာခိုင်နှုန်းရှိပြီး မဂ္ဂါဝပ်တစ်သိန်းအထက် ထုတ်ယူသုံးစွဲနိုင်သည့် အရင်းအမြစ်များ ရှိနေသည်။ ထို့ကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေခြင်း ဖြစ်သည်။

‘‘အာရှဖွံ့ဖြိုးရေး ADB ဘဏ်က မဲခေါင်လျှပ်စစ်ကွန်ရက်ကို တည်ဆောက်ဖို့ လုပ်နေတယ်။ စွမ်းအင်ဈေးကွက်ကို အကောင်အထည်ဖော်ဖို့က ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကို ဈေးကွက်မှာ ရောင်းချဖို့လုပ်နေတယ်။ စက်မှုလုပ်ငန်းမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ရောင်းချမှာဖြစ်တယ်။ လျှပ်စစ်မရှိတဲ့နေရာတွေ လျှပ်စစ်ဓာတ်အားပေးဖို့ မဟုတ်ဘူး’’ဟု MEET ညွန်ကြားရေးမှူး မစ္စတာခွန်ဝေထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒမှာ ယခင်အစိုးရလက်ထက်ကတည်းက နိုင်ငံခြားဝင်ငွေရရန် စွမ်းအင်ရောင်းစားသည့် မူဝါဒကျင့်သုံးခဲ့ရာမှ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း မူဝါဒမှာ များစွာပြောင်းလဲခြင်း မရှိသေးပေ။ နှစ်စဉ် စွမ်းအင်လိုအပ်ချက် ကြီးမားနေသည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသောကြောင့် စွမ်းအင်ဈေးကွက်မှာ ၀ယ်လိုအား နှစ်စဉ်တိုးနေသည်။

သဘာဝဓာတ်ငွေ့ရောင်းချရာမှ နှစ်စဉ် ဒေါ်လာသုံးဘီလီယံကျော် ၀င်ငွေရသည်ကို အစိုးရက ထုတ်ဖော်ပြောခဲ့ပြီး လျှပ်စစ်မီတာခ သည်နှုန်းအတိုင်း ဆက်ကောက်လျှင် ကျပ် ၂၃၀ ဘီလီယံခန့် စိုက်နေရကြောင်းကိုမူ မကြာခဏ ထုတ်ပြောလေ့ရှိသည်။

သို့သော် ပြည်သူများအတွက်မူ သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကြောင့် ယခုအခါ သဘာဝဘေးအန္တရာယ်များကို စတင်ခံစားနေရပြီဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် အစိုးရက အမှန်တကယ် လုပ်ဆောင်မည်ဆိုပါက လူထုက လက်ခံနိုင်သော်လည်း ရောင်းချရန်သာ ဦးစားပေးနေပါက လူထုမကျေနပ်မှုများကို အစိုးရအနေဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စွမ်းအင်ပေါ်လစီသည် အမှန်တကယ် လူထုကို အကျိုးဖြစ်သည့် မူဝါဒမျိုးသာ ဖြစ်သင့်သည်။ ရှိနေသော အရင်းမြစ်များကို အလွန်အကျွံမထုတ်ယူဘဲ ရေရှည်ဖွံ့ဖြိုးရေးကို တည်ဆောက်မည့် စွမ်းအင်ထုတ်ယူခြင်းမျိုး ဖြစ်သင့်သည်ဟု ပညာရှင်များကဆိုသည်။

‘‘ဖွံ့ဖြိုးရေးလုပ်ပြီးမှ သန့်ရှင်းရေးလုပ်လို့မရဘူး။ သဘာဝကပေးတယ်ဆိုတာ အရလည်းခက်သလို ပြန်ပြင်ရတာလည်းခက်တယ်။ ရလာတဲ့လျှပ်စစ်ကို သူများရောင်းတယ်။ ကိုယ့်ကျတော့ မဖွံ့ဖြိုးဘူးဆိုရင် မကောင်းဘူး။ ကိုယ့်နိုင်ငံစီးပွားရေးကလည်း သဘာဝကိုမှီခိုပြီးလုပ်ရဦးမှာ။ လုပ်မယ့်အချိန်ကျမှ အဲဒါတွေ အကုန်ပျက်စီးနေမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက်မတန်ဘူး။ အဲဒါကြောင့် ဒါဟာ အင်မတန်ဆင်ခြင်သင့်တဲ့ကိစ္စ’’ဟု ဦးအောင်မြင့်ကပြောသည်။

လူထုတကယ်လိုအပ်သည့် စွမ်းအင်ကိုသာ ထုတ်ယူဖြန့်ဖြူးပေးပြီး အကန့်အသတ်ဖြင့်ရှိနေသည့် အရင်းအမြစ်များကို အကုန်ထုတ်ယူ မသုံးစွဲသင့်ကြောင်း အာဆီယံစွမ်းအင်ရေးရာ လေ့လာသူ မစ္စတာဆရီဆူဝမ်ကလည်း အကြံပြုသည်။

အိဖြူမွန် | 7 day daily

မှတ်ချက်များ