ရွှေဘိုမြို့တွင် သတ်မှတ်ထားသည့် ယစ်မျိုးလိုင်စင် အတိုင်း ရောင်းချမှု မရှိခြင်းကြောင့် လုပ်ငန်းရှင်များ နစ်နာလျက် ရှိကြောင်း စားသောက်ကုန်နှင့် အဖျော်ယမကာ ရောင်းချသည့် လုပ်ငန်းရှင်များက ပြောကြားသည်။
“ရွှေဘိုမြို့ မီးပွိုင့်မြောက်ဘက်မှာ ရှိတဲ့ အချို့ဆိုင်တွေက သတ်မှတ်လိုင်စင်အတိုင်း မရောင်းဘူး။ အရက်ဖြူ လိုင်စင်ကြေး တစ်သိန်းဆောင်ပြီး ဘီယာပါ တွဲရောင်းနေတာမျိုး ရှိတယ်” ဟု CS2 A ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ရွှေဘိုတွင် ခွင့်ပြုလိုင်စင် အမျိုးအစား ၁၁ မျိုး ခွင့်ပြုထားပြီး အရက်ဖြူ CS2 A ရောင်းချခွင့် လိုင်စင်ကြေးအတွက် တစ်နှစ်လုပ်ကိုင်ခွင့် ကျပ်တစ်သိန်း၊ ပြည်တွင်း ဘီယာစက်ရုံမှ ထုတ်လုပ်သည့် ဘီယာကို ဆိုင်တွင်း၌ သောက်ရန်သာမက ဆိုင်အပြင်ဘက်သို့လည်း လက်လီ ရောင်းချရသည့် FL 9 လိုင်စင်ကြေးမှာ ကျပ်ခြောက်သိန်း၊ နိုင်ငံခြား အရက်ရောင်းချသည့် ကုန်စုံဆိုင်တွင် လက်လီလက်ကား ရောင်းချခွင့်ရှိပြီး ဆိုင်အတွင်း သောက်ခွင့် မရှိသည့် လိုင်စင်ကြေးမှာ ကျပ်ငါးသိန်းအဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ချမှတ်ပေးထားရာ လုပ်ကိုင်ချထားပေးသည့် ဆိုင်ပေါင်း ၁၈၈ ဆိုင် ရှိကြောင်း ရွှေဘိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိအချိန်၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးလိုင်စင် ကျမလာသေးသဖြင့် လုပ်ကိုင်ခွင့်ပေးမည့် ဆိုင်အရေအတွက်နှင့် လိုင်စင်ကြေးကို အတိအကျ မသိနိုင်သေးကြောင်းနှင့် သင်္ကြန်ပြီးမှသာ အမည်ပြောင်း၊ လုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးမည့် ဆိုင်ရှင်များအတွက် အခွန် ကောက်ခံမည့် ပုံစံကို သိရှိနိုင်မည်ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ပြောကြားသည်။
“အခုလောလောဆယ်တော့ လိုင်စင်တိုးတာမျိုး လုပ်လို့ မရသေးဘူး။ ၂၀၁၄-၁၅ မှလိုင်စင်တိုး၊ နာမည်ပြောင်း လုပ်လို့ရမယ်။ နားလည်မှုနဲ့ပဲ လိုင်စင်ရှိပြီးသား လုပ်ငန်းရှင်တွေ ပြန်ရောင်းတာမျိုး ရှိတယ်” ဟု ၎င်းကဆိုသည်။
The Voice Weekly

မှတ်ချက်များ