မလေးရှားလေယာဉ် ပျောက်ဆုံးမှု ရှာပုံတော်
ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား လေယာဉ်ကို ရှာဖွေနေတာ အခုဆိုရင် ၁၁ ရက်ထဲကို ရောက်ရှိလာခဲ့သလို လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ ထင်ကြေးပေး ပြောဆိုမှု အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့ပါတယ်။
လေယာဉ်မှူးဟာ မလေးရှား အတိုက် အခံ ခေါင်းဆောင်ကို ထောက်ခံ အား ပေး သူ ဖြစ် တာ ကြောင့် လေယာဉ်ကို နိုင်ငံရေး ရည်ရွယ် ချက်တွေနဲ့ တမင်ဖျက် ဆီးပစ် ခဲ့တယ် ဆိုတဲ့ ကောလ ဟာလတွေနဲ့ ပတ်သက်ပြီး မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်ဝါ အေဗရာဟမ်က ရှုတ်ချလိုက်ပါတယ်။
လေယာဉ် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အတိုက်အခံ တွေရဲ့ အခန်း ကဏ္ဍတွေနဲ့ ငြိစွန်းအောင် တမင် ကြံစည် တာဟာ ရက်စက် ရမ်းကားမှု ဖြစ်တယ်လို့ တုန့်ပြန် လိုက်ပါတယ်။
ဒီအတော အတွင်းမှာပဲ လေယာဉ် လမ်းကြောင်းပြ စနစ်တွေကို တစုံတဦးက ထိုးဖောက် ၀င်ရောက်ပြီး လမ်းကြောင်း ပြောင်းအောင် ဖန်တီး ခဲ့တယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။
အမည် မဖော်လိုတဲ့ အမေရိကန် အစိုးရ အဖွဲ့ဝင်တွေကို ကိုးကားပြီး နယူးယောက်တိုင်းစ် သတင်းစာက အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
လေယာဉ်မှူးနဲ့ အကူလေယာဉ်မှူးကြားမှာထားတဲ့ ကွန်ပြူတာမှာ ကုတ်နံပါတ်တွေကို ရိုက်သွင်း ခဲ့တယ်လို့ ဖော်ပြထားပေမယ့် လေယာဉ်မပျံသန်းမှီလား ပျံသန်းပြီးမှလားဆိုတာကတော့ ကွဲကွဲပြားပြား မသိရှိရပါဘူး။
ပျောက်ဆုံးနေတဲ့ လေယာဉ်အပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အများအပြားဟာ တရုတ်နိုင်ငံက ဖြစ်ပြီး လေယာဉ်ပျောက်ဆုံးမှုနဲ့ ဆက်စပ်တဲ့ သတင်းမှန်တွေကို မပေးဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက မလေးရှားအာဏာပိုင်တွေကို ဖိအားပေးနေကြပါတယ်။
တရုတ်အစိုးရကတော့ အဲဒီပျောက်ဆုံးနေတဲ့ လေယာဉ်ကို တရုတ်ပိုင်နက်အတွင်းမှာ ရှာဖွေမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လေယာဉ်ပျံသန်းဖို့ ခွင့်ပြုထားတဲ့ တောင် နဲ့ မြောက် လေယာဉ် ပျံသန်းလမ်းကြောင်း ၂ ခုစလုံးကို နိုင်ငံတကာက ကူညီရှာဖွေပေးနေကြပါတယ်။
မလေးရှား ခရီးသည်တင်လေယာဉ် ဟာ မတ်လ ၈ ရက်နေ့ကတည်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးတင်ဆောင်ပြီး ဒီကနေ့အထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
(ABC Radio Australia)

မှတ်ချက်များ