သင်္ကြန်တွင် ယာဉ်မောင်းများကို အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးပြီး သတ်မှတ်နှုန်းကျော်လျှင် ခေတ္တထိန်းသိမ်းမည်ဟုဆို



ရန်ကုန်မြို့တွင် သင်္ကြန်ကာလအတွင်း  ယာဉ်မတော်တဆဖြစ်ပွားမှု ထိန်းချုပ်ရန် ယာဉ်မောင်းများ၏ အရက်သောက်သုံးထားမှုပမာဏကို စစ်ဆေးတိုင်းတာမည်ဖြစ်ပြီး သတ်မှတ်နှုန်းထက် ကျော်လွန်ပါက ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ကာ  ခေတ္တထိန်းသိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

‘‘သင်္ကြန်တွင်းဖြစ်တဲ့ ယာဉ်တိုက်မှုတွေအားလုံးလိုလိုက မူးပြီးမောင်းလို့ဖြစ်တာ။ အဲဒါကို ဒီနှစ်မှာ ပြင်းပြင်းထန်ထန်အရေးယူမယ်။ ရေပက်ခံကားတွေအဓိကထားစစ်မယ်။  မောင်းတဲ့သူကသတ်မှတ်နှုန်းထက်ကျော်လွန်ပြီးအရက်သောက်ထားမယ်ဆိုရင် ကားပေါ်ကဆင်းခိုင်းပြီး ထိန်းသိမ်းထားခြင်းခံရမယ်’’ဟု အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှဒုတိယရဲမှူးကြီးလင်းထွဋ်က  ပြောသည်။

   သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု၊ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေရှင်းရန် ရန်ကုန်မြို့ တွင် ယာဉ်ထိန်းအင်အား ၈၅၀ ကျော် အင်အားဖြည့်အသုံးပြုမည်ဖြစ်ကာ လမ်းမများတွင် ယာဉ်များတားဆီးကာ လိုက်လံစစ်ဆေးမည်ဖြစ်ပြီး အရက်မူးတိုင်းကိရိယာများကို တပ်ဖွဲ့စုများထံသို့ ချထားပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကိရိယာအသုံးပြုနည်းတွေကို အရင်ကတည်းကသင်ပြပြီးပါပြီ။ သင်္ကြန်ကာလ လေးရက်လုံးမှာ စစ်ဆေးမယ်။ စစ်ဆေးလို့ သတ်မှတ်စံနှုန်းထက်ကျော်မယ်ဆိုရင်တော့ ယာဉ်မောင်းကို ဆက်မောင်းနှင်ခွင့်မပြုဘဲ ခေတ္တထိန်းသိမ်းမှာပါ’’ဟု အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောကြားသည်။

 မဟာသင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုမဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ နှစ်စဉ် စည်းကမ်းချက်များထုတ်ပြန်ထားသော်လည်း နှစ်စဉ်ပုံမှန်ယာဉ်တိုက်မှု သုံးဆယ်ကျော် ဖြစ်ပွားကာ လူလေးဦးခန့် သေဆုံးလျက်ရှိကြောင်း ယာဉ်တိုက်မှုမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် ပုံမှန်ထုတ်ပြန်လျက်ရှိသော ယာဉ် စည်းကမ်း(၁၁)ချက် ပြင်ဆင်ကာ အချက်သုံးချက်ထည့်သွင်းတိုးချဲ့ပြီး ကြေညာချက်ထုတ်ပြန်မည်ဟု သိရသည်။

  ‘‘လုပ်မယ်ဆိုတာထက် တကယ်လုပ်ဖြစ်ဖို့ပဲ လိုပါတယ်။ အဲဒါမှ အဆင်ပြေမှာ။ သင်္ကြန်မှာ မူးရူးကြတာက တရားဝင်လိုဖြစ်နေပြီ။ အမူးသမားတွေကြောင့်ပဲ သင်္ကြန်မှာ အပျော်ကနေအပျက်ဖြစ်ရတာ တစ်ပုံကြီးပဲ’’ဟု အသက် (၃၀)အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၁၃ သင်္ကြန်အတွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုစုစုပေါင်း ၄၆မှု ဖြစ်ပွားခဲ့ကာ လေးဦးသေဆုံးပြီး ၉၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇွဲမာန် | 7 day daily

မှတ်ချက်များ