မြန်မာဈေးကွက်ထဲရောက်လာမယ့် Jaguar Land Rover ဇိမ်ခံကားများ


Jaguar ပြိုင်ကားသစ်တွေ၊  Land Rover ကားသစ်တွေ မြန်မာပြည်ဈေးကွက်ထဲ ရောက်လာပါတော့မယ်။

ဗြိတိန်က Jaguar Land Rover ကားကုမ္ပဏီက ထုတ်တာတွေ မြန်မာပြည်ကို တိုက်ရိုက် ရောက်လာမှာပါ။

အမေရိကန်ဖို့ဒ်ကားသစ်တွေကိုလည်း သူတို့ဆီကတဆင့် မြန်မာပြည်ထဲ သွင်းနေတာပါ။

ဒီအကြောင်း ဧရာဝတီပင်မစာမျက်နှာမှာ Jaguar Land Rover to Enter Burma’s Car Market  ဆိုတဲ့ ခေါင်းစဉ်နဲ့ မကြာသေးခင်က ဖော်ပြခဲ့ပြီးပါပြီ။

(ဓာတ်ပုံ - ဂျေပိုင်  / ဧရာဝတီ)

သတင်းထောက် ကျော်ဆုမွန်က ဒီကားတွေတင်သွင်းမယ့်သူတွေရဲ့ ပြောဆိုချက်အပေါ် အခြေခံပြီး သတင်းရေးခဲ့တာပါ။

အဲဒီ ဇိမ်ခံကားတွေနဲ့ ပတ်သက်ပြီး ကျော်ဆုမွန် ဆက်ပြောပြတာက...

သူတို့သွင်းမယ့်ကားတွေက သုံးလေးမျိုး ရှိမယ် အဲဒီ Capital Automotive လီမိတက်က။ ကားသစ်တွေသွင်းပြီး အရောင်းပြခန်းကို လာမယ့် မေလဆန်း ရန်ကုန်မြို့မှာ ဖွင့်မယ်၊ ထိုင်း နဲ့ မလေးရှားတို့မှာ ရောင်းတဲ့နှုန်းထားအတိုင်း မြန်မာပြည်မှာ ရောင်းမယ်။ ဈေးနှုန်းမေးပေမယ့် မဖြေပါဘူး။
ဒီကားတွေက မြန်မာကြိုက် ဂျပန်ကားတွေနဲ့ ယှဉ်ရင် ဆီစားနှုန်း မြင့်တယ်၊ သို့သော်လည်း သူတို့က ဘာပြောလဲ ဆိုတော့ နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး ဆီစားနှုန်း နည်းနိုင်သမျှ နည်းအောင် လုပ်ထားတယ်လို့ ဧရာဝတီကို ပြောပြတယ်။

Land Rover တစီးရဲ့ ပြင်ပ ပေါက်ဈေးက သိန်း ၈ဝဝ၊ ၁,ဝဝဝ ဝန်းကျင် ရှိတယ်လို့ ပြောတယ်။
ဒီကားအမျိုးအစားတွေက မြန်မာပြည်မှာ ၁၉၅၅ ဝန်းကျင် ကတည်းက ခေတ်စားခဲ့ပြီးသား။ ဒီမှာ သုံးကြတယ်၊ ကြိုက်ကြတယ်။

Capital Automotive ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးခင်ထွန်းကို ... မြန်မာပြည်မှာ ဒီလောက် ဈေးကြီးတဲ့ ဇိမ်ခံကားတွေ ၀ယ်နိုင်တဲ့ အင်အား ရှိပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်လိုက်တော့ ဟိုတုန်းက သိန်း သုံးလေးထောင် ဈေးပေါက်ခဲ့တဲ့ကားတွေတောင် ရောင်းဝယ်ခဲ့ကြတာပဲ၊ မြန်မာပြည်မှာ ချမ်းသာသူ အများအပြား ရှိပါတယ်လို့ ဖြေတယ်။
နိုင်ငံက ဆင်းရဲပေမယ့် ဇိမ်ခံကားက မြန်မာပြည်ဈေးကွက်မှာ သေချာပေါက် အလုပ်ဖြစ်မယ် ဆိုပြီး သူတို့ ယုံကြည်ချက် အပြည့် ရှိနေပုံရတယ်။
အခု သူတို့ ဒီလိုကားတွေ သွင်းလာပြီ။

ကားဝယ်လိုသူက အင်တာနက်ကနေ ရှာပြီး ကြိုက်တဲ့ ဇိမ်ခံကား အမျိုးအစားကိုလည်း ပြောလို့ရတယ်၊ သူတို့က ရန်ကုန်ဆိပ်ကမ်းအရောက် သွင်းလာပေးမယ်လို့ ဆိုတယ်။

ကားဈေးကွက်ထဲမှာ Land Rover က  တပတ်ရစ် ဆိုရင်တောင်မှ သိန်း ၅၅ဝ လောက် ရှိနေတာပါ။

အသစ်နဲ့ အဟောင်း အင်မတန် ကွာခြားချက် ရှိနေကြောင်းကိုလည်း ကားကုမ္ပဏီက ထောက်ပြပါသေးတယ်။
တပတ်ရစ်ကားက သုံးလေးနှစ် ဆိုရင် ဆိုင်ပို့ရမယ်၊ ကားအသစ်စက်စက်ဆိုရင် ဆယ်နှစ်လောက်အထိတော့ အသုံးခံတယ်လို့ ဆိုတယ်။
ဇိမ်ခံကားတွေအတွက် မြန်မာပြည်မှာ ဘာအခက်အခဲ ရှိမလဲ ဆိုတော့ ဆားဗစ်စင်တာ အခက်အခဲ ရှိမယ်၊ အပိုပစ္စည်းလည်း ခက်ခဲမယ်။

အခု သူတို့က အရောင်းပြခန်းလည်း ဖွင့်မယ်၊ ဆားဗစ်စင်တာလည်း ဖွင့်မယ်ဆိုတော့ အပိုပစ္စည်းအတွက်လည်း မပူရဘူးလို့ သူတို့က ပြောပါတယ်။

ကျော်ဆုမွန် | ဧရာဝတီBlog

မှတ်ချက်များ