ကချင်ပြည်နယ်မှာ သန်းခေါင်းစာရင်းကောက်ဖို့ KIO ခွင့်မပြု


မြန်မာနိုင်ငံ တဝန်းလုံးမှာ သန်းခေါင်းစာရင်း ကောက်ယူဖို့ အစိုးက ပြင်ဆင်နေချိန်မှာ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့ထိန်းချုပ်တဲ့ နယ်မြေအတွင်း သန်းခေါင်စာရင် ကောက်ခံခွင့် မပြုဘူးလို့ ကေအိုင်ကေက ပြောပါတယ်။

ဒီအကြောင်းသမ္မတ ဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာပဲ အကြောင်းပြန်ခဲ့ ပြီးပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ လုံခြုံရေးစိတ်မချရတဲ့အတွက် လက်မခံတာလို့ KIO ဘက်ကပြောကြောင်းဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းစစ်ပြေးစစ်ရှောင် အရေအတွက်က ရှစ်သောင်းကနေ တစ်သိန်းလောက်အထိရှိနေတဲ့အတွက် ကျန်တဲ့ ဒေသခံတွေနဲ့ပါဆိုရင် လူဦးရေ နှစ်သိန်းကျော်လောက်ရှိနိုင်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ဝတပ်ဖွဲ့ထိန်းချုပ်တဲ့ နယ်မြေနဲ့ မိုင်းလားအဖွဲ့ထိန်းချုပ်တဲ့ နယ်မြေတွေမှာ တော့ သန်းခေါင်စာရင်းကို ကြိုတင်ကောက်ခံထားပြီး ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာ ခိုင်ခိုင်စိုးကတော့ သန်းခေါင်းစာရင်း ကောက်ခံခွင့်ကို ကချင်ပြည်နယ်တစ်ခုလုံးက ငြင်းပယ်ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ခရိုင်လေးခုရှိတဲ့အနက် မိုင်းညင်းခရိုင်ဘက်က ဘာမှမကြားရဘူး၊ ပူတာအိုခရိုင်မှာကျေးရွာတချို့ကလွဲရင် ကျန်အားလုံးနီးပါးကို ကြိုတင်ကောက်ယူထားပြီး ဖြစ်တယ်။ မြစ်ကြီးနားမှာ အနည်းငယ် ကျန်တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်လို့ရအောင်အတတ်နိုင်ဆုံး ညှိနှိုင်းဆောက်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ခံနိုင်တယ်ဆိုတာ ကမ္ဘာမှာ မရှိသေးဘူး။ မြန်မာနိုင်ငံမှာလည်း မကောက်ခံနိုင်တဲ့ နေရာတွေကို တရာဝင် ကြေညာမှာပါလို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

မှတ်ချက်များ