မြေနီကုန်းမှာ Pizza Company & Swensen’s ဆိုင်ခွဲ ပထမဆုံးဖွင့်ရက်မှာတင် လူကြိုက်များ
အိမ်နီးချင်းနိုင်ငံတွေမှာ ဈေးကွက်အရ အောင်မြင်မှုတွေရနေပြီး လူကြိုက်များတဲ့ The Pizza Company and Swensen’s ဆိုင်ခွဲကို ရန်ကုန်မှာ ပထမဆုံးအဖြစ် ဖွင့်လှစ်လိုက်ပါပြီ။ ပီဇာအမျိုးပေါင်း ၂၅မျိုးနဲ့ ရေခဲမုန့်မျိုးစုံရနိုင်တဲ့ဒီဆိုင်ဟာ မတ်လ ၁၇ရက်နေ့မှာပဲ ရောင်းမလောက်ဖြစ်ခဲ့ရတာ ဘာ့ကြောင့်ပါလဲ။
အီတလီပီဇာစစ်စစ်ကို မူလအရသာအတိုင်း စားလိုတဲ့ ကိုနေမျိုးဝင်းကတော့ ကမ္ဘာကြီးဟာ ဂလိုဘယ်ဖြစ် လာပြီဆိုတာကို သူလက်တွေ့ကျကျ ပိုပြီးခံစားလို့ရတယ်လို့ ဆိုပါတယ်။ ပီဇာအထူးပြုဆိုင်မှန်း စားလိုက်တာနဲ့သိတယ်လို့ ဆိုပါတယ်။
မြေနီကုန်းလမ်းဆုံက ဒဂုံစင်တာမှာ The Pizza Company and Swensen’s ဆိုင်မဖွင့်ခင်ကတည်းက ဒေသတွင်းနိုင်ငံတွေကို သွားလာဖူးပြီး စားသုံးဖူးသူတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ဆိုင်ဖွင့်တဲ့ ၂ရက်မြောက်မှာလည်း စားသုံးသူတွေ ကြိတ်ကြိတ်တိုးနေခဲ့ပါတယ်။
ထိုင်းအခြေစိုက် Express Food Group က The Pizza Company and Swensen’s ဆိုင်ခွဲတွေကို ဖရန်ချိုက်ယူပြီး လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေမှာ ဖွင့်လှစ်ခဲ့ပြီး အခုမှ မြန်မာပြည်မှာ ပထမဆုံး ဖွင့်ခဲ့တာပါ။ မြန်မာဝန်ထမ်းတွေကို ထိုင်းနိုင်ငံမှာ ၂လသင်တန်းပေးပြီး အစစအရာရာ ဂရုတစိုက်ပြင်ဆင်ခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။
ရန်ကုန်မြို့အတွင်း နောက်ထပ်ဆိုင်ခွဲတွေကို ဒီနှစ်ထဲမှာထပ်ဖွင့်ဖို့ရှိနေပြီး ရန်ကုန်မှာအခြေကျရင်တော့ အခြားမြို့တွေဆီ တိုးချဲ့မယ်လို့ဆိုပါတယ်။ အစားအစာအတွက် ထိုင်းနိုင်ငံကနေ အဓိကတင်သွင်းနေတာဖြစ်ပြီး အရည်အသွေးက နိုင်ငံတကာစံချိန်အတိအကျအတိုင်း လိုက်နာတယ်လို့ဆိုပါတယ်။
နိုင်ငံတကာမှာ အောင်မြင်ပြီးလူသိများတဲ့ ကုန်အမှတ်တံဆိပ်တိုင်းဟာ မြန်မာပြည်မှာ လူတိုင်းအတွက် လက်လှမ်းမမီပေးဘဲ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်နေသေးတယ်လို့ ကိုမင်းအိမ်စည်က ဆိုပါတယ်။ ဒါပေမယ့် စားသုံးသူတွေအတွက် အရည်အသွေးကောင်းကောင်းနဲ့ ဝန်ဆောင်မှုကောင်းကောင်းက အဆင်ပြေတယ်လို့ဆိုပါတယ်။
သတင်းရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Kamayut Media

မှတ်ချက်များ