ရခိုင်ငါးငပိချက် ချက်စားရအောင်

ဒီနေ့ ဘာတင်ပေးရင်ကောင်းမလဲ စဉ်းစားတော့ ငါးငပိချက်ကို တင်ပေးဖို့ တောင်းထားတာတွေ ကြာနေပြီဆိုတာ သတိရသွားပါတယ်။

Message Box ထဲမှာ ပြန်ပြန်ဖတ်ပြီး အလှည့်ကျ တင်ပေးနေတာမို့ပါ။ ရခိုင်တွေဟာ ငပိထောင်းတင် မဟုတ် ငါးပိချက်လည်း ကြိုက်တတ်ကြပါတယ်။

ရခိုင်ပြည်က အလှူတွေမှာ ငါးခြောက်ဒလှိမ့် (ငါးခြောက်ကို အသားခြွေပြီး ငရုတ်သီးနဲ့ ဆီနဲ့ ပြန်လှိမ့်ထားတာ) ၊ ကြက်သား (သို့) ဝက်သားဟင်း ၊ ချဉ်ဟင်းရည်တစ်မျိုးမျိုး ၊ ဟင်းလှော် (သို့) ဟင်းသုပ် ၊ ငပိချက် နဲ့ တို့စရာ စုံတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပွဲဟင်းမို့ဆိုပြီး အီတာတွေ သိပ်မရှိပါဘူး။

ချက်နည်း

ငရုတ်သီးစိမ်းကို ပြုတ်ပေးပါ။

ငါးရွှေကိုလည်း ဂျင်း၊ ဆနွင်းမှုန့်နည်းနည်း ငံပြာရည်နည်းနည်းနဲ့နယ်ပြီး ပြုတ်ထားပေးပါ။

ငရုတ်သီးကျက်ပြီဆိုရင် ကြက်သွန်ဖြူတစ်တက် ၊ နှစ်တက်လောက် ထည့်ပြီး ထောင်းပေးပါ။

ငါးရွှေပြုတ်ကျက်ပြီဆို အသားနွှင်ထားပါ။

ပြုတ်ရည်ကို မပစ်လိုက်ပါနဲ့၊ ကြက်သွန်နီကို အဝိုင်းလေးတွေ လှီးထားပေးပါ။

အဆင်သင့်ဖြစ်ကြပြီဆိုရင် ချက်မယ့်အိုးထဲမှာ ငရုတ်သီးထောင်း၊ အသားနွှင်ထားတဲ့ငါး ၊ ငပိနည်းနည်း (ငပိကောင်းရင် ဒီအတိုင်းလေးထည့်လို့ရပေမယ့် ငပိသိပ်မကောင်းရင် ရေဖျော်ပြီး အောက်နှစ်ကို ပစ်လိုက်ပါ) ၊ ငါးပြုတ်ရည်ကို ပြန်ထည့်ပေးပါ။.ရေလိုသလောက်လေး ကြည့်ထည့်ပေးပြီး ဆီကိုပါတယ်ဆိုရုံလေး ထည့်ပေးပြီး အိုးဖုံးလေးဖုံး ချက်လိုက်ပါ။ ရခိုင်မှာ ငရုတ်သီးများများနဲ့ ချက်တတ်ပါတယ်။ကျွန်မကတော့ အတူနေတဲ့ မြန်မာအစ်မတွေ အစပ်သိပ်မစားနိုင်လို့ ငရုတ်သီးလျှော့ထည့်ပြီး ငါးကို ပိုသုံးထားပါတယ်။

ဟင်းအိုးလေး ဆူလာပြီဆိုရင်တော့ အပေါ့အငံမိမိစိတ်ကြိုက်ထည့်ပေးပါ။ မကျည်းနှစ်ရေဖျော်လေး ပါထည့်ပေးပါ။

ဟုတ်ကဲ့ အနံ့ရော အရသာပါပြည့်စုံတဲ့ ရခိုင်ငါးငပိချက်လေးကို ရပါပြီတဲ့ရှင်။ အတို့အမြှုပ်စုံနဲ့ တို့စားဖို့ အဆင်သင့်ဖြစ်ပါပြီ။

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ။

အစားအစာကမ္ဘာ

မှတ်ချက်များ