ဒီတခါတော့ လူတိုင်းကြိုက်နှစ်သက်တတ်တဲ့ ရှမ်းအစားအစာကို ချက်စားကြည့်ကြတာပေါ့။
ရှမ်းခေါက်ဆွဲမှာ မုန့်ဖတ်အရေးကြီးသလို ခရမ်းချဉ်သီးအနှစ်ကလည်း ရှမ်းခေါက်ဆွဲရဲ့အသက်ပါပဲ။
အရင်ဆုံး ကြက်သားကို ဂျင်းထောင်းနည်းနည်း ၊ ကြက်သွန်ဖြူ ၊ ငံပြာရည်အကြည် ၊ အရသာမှုန့် အနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ။
အသားပြုတ်ထားတဲ့ အချိန်အတွင်းမှာ ကြက်သွန်နီကို စဉ်းထားပေးပါ။
ကြက်သွန်နီကို တခြားဟင်းတွေချက်တဲ့ခါ ထည့်တာထက် ၂ ဆလောက် ထည့်ပေးရမှာပါ။
ခရမ်းချဉ်သီးခပ်များများကို ပါးပါးလေးသေးသေးလေးတွေ လှီးထားပေးပါ။
ခရမ်းချဉ်သီးကို ပြုတ်ပြီး အခွံခွါ ခြေပြီးတော့လည်း သုံးတတ်ကြပါတယ်။မိမိကြိုက်သလို ချက်ပြုတ်နိုင်ပါ တယ်။
ကြက်သားနူးပြီဆိုရင်တော့ အအေးခံပြီး သေးသေးလေးစဉ်းပေးပါ။
လက်နဲ့အသားနွှင်ပြီးတော့လည်း ချက်ပါတယ်။
ချက်မယ့်အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီကို ချက်ပေးပါ။
ငရုတ်သီးအရောင်တင်မှုန့် ထည့်ပေးပါ။
ကြက်သွန်ကျက်ပြီဆိုရင် ခရမ်းချဉ်သီးကိုထည့်မွှေပါ။
ပဲငပိနည်းနည်းချိန်ဆထည့်ပေးပါ။
ခရမ်းချဉ်သီး အနှစ်လေးရပြီဆိုရင် ကြက်သားကိုထည့်မွှေပါ။
ရေနည်းနည်းထည့်ပေးပါ။ (တချို့ကတော့ နှမ်းထောင်းကို ကြက်သားခရမ်းချဉ်သီးအနှစ်ထဲ ထည့်ချက်တတ်ကြပါတယ်)
ငရုတ်သီးအကြမ်းမှုန့်ကို ဆီနည်းနည်းနဲ့ ကျက်အောင်မွှေထားပေးပါ။
ကြက်သွန်ဖြူကို ပါးပါးလှီး / စဉ်းပြီး ဆနွင်းမှုန့်နည်းနည်းနဲ့ ဆီကျက်ချက်ထားပါ။
မြေပဲကို လှော်ပြီးထောင်းထားပေးပါ။
နှမ်းဖြူလှော်ပြီး ထောင်းထားပေးပါ။
ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။
ရှမ်းခေါက်ဆွဲအဖတ်ဖြစ်တဲ့ ဆန်ခေါက်ဆွဲကို ရေနွေးလေးနဲ့ ကျက်အောင်ဖျောထားပေးပါ။
ခေါက်ဆွဲပြားနဲ့လည်း စားတတ်ကြပါတယ်။
ကဲ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပြင်ဆင်မယ့် ပန်းကန်ပြားထဲကို ခေါက်ဆွဲဖတ်ကိုထည့် ၊ ကြက်သား ခရမ်းချဉ်သီးအနှစ်ကိုထည့် ၊ ငရုတ်သီးကြော်လေးကိုထည့် ၊ ကြက်သွန်ဖြူ ဆီကျက်လေးနည်းနည်းနဲ့ မြေပဲထောင်း ၊ နှမ်းထောင်းလေးထည့်ပြီး ကြက်သွန်မြိတ်လေးကိုဖြူးပါ။ လိုအပ်ရင် ပဲငပိအနည်းငယ် ထည့်စားပါ။
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ရောနယ်ပြီး ရှမ်းချဉ်လေးနဲ့ တွဲစားရုံပါပဲ။ဝက်ခေါက်ကြော်လေးနဲ့ပါ တွဲစားလို့ ကောင်းပါတယ်။
ဟင်းချိုအတွက်ကတော့ ကြက်သားပြုတ်ရည်ကို ဂျင်းနည်းနည်းထပ်ထည့် ငံပြာရည်လေးထပ်ထည့်ပြီး ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းဖြူးလိုက်ရုံပါပဲ။
ရှမ်းခေါက်ဆွဲဖတ် မဝယ်အားလိုက်တဲ့အတွက် ဒီမှာအလွယ်ရနိုင်တဲ့ ဆန်ခေါက်ဆွဲ အလုံးနည်းနည်းကြီးတာလေးနဲ့ ချက်ပြီးတင်ပေးလိုက်ပါတယ်။
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ
အစားအစာကမ္ဘာ

မှတ်ချက်များ