တောင်ကိုးရီးယားသင်္ဘော Sewol နစ်မြုတ်မှုမှာ သင်္ဘော captain နဲ့ ၀န်ထမ်းတွေရဲ့ တာဝန်မ သိတတ်မှု၊ တစ်ကိုယ်ကောင်းဆန်မှု တို့ကြောင့် captain နဲ့ ၀န်ထမ်းတွေကို အပြစ်တင်နေကြချိန်မှာ လေးစားချီးကျူးစရာကောင်းတဲ့ ၀န်ထမ်းတစ်ဦးရဲ့ လုပ်ဆောင်ချက်တစ်ခု ထွက်ပေါ်လာပါတယ်။
ဒါကတော့ အသက် (၂၂) နှစ်သာရှိသေးတဲ့ Park Jee Young ဆိုတဲ့ သင်္ဘောအမှုထမ်း မိန်းခလေးရဲ့ ကျောင်းသားတွေကို ကယ်တင်ခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ အသက်ရှင်လျှက် လွတ်မြောက်လာတဲ့ ကျောင်းသားတွေရဲ့အဆိုအရ သင်္ဘောစတင်နစ်တဲ့အချိန်မှာ Park Jee Young ဟာ ကျောင်းသားတွေကို အသက်ကယ်ဂျက်ကက်တွေ ဝေငှပေးခဲ့ပြီး လွတ်မြောက်အောင် လမ်းပြကူညီခဲ့ပါတယ်တဲ့။ အသက်ကယ်ဂျက်ကက်တွေ ဝေငှပေးလို့ မလောက်တဲ့အခါ သင်္ဘောစောင်းနေတဲ့ကြားက အပေါ်ထပ်တွေကို မရမကတက်ပြီး အသက်ကယ်ဂျက်ကက်တွေ စုဆောင်းယူလာပြီး ကျန်ရှိတဲ့ကျောင်းသားတွေကို ၀တ်ဆင်စေခဲ့ပါတယ်။
ကျောင်းသားတစ်ချို့က Park Jee Young ကို အသက်ကယ်ဂျက်ကက် ဘာလို့မ၀တ်တာလဲ လို့မေးတော့ Park Jee Young က သူခရီးသည်တွေအားလုံးကို ကယ်ရဦးမယ်၊ ပြီးမှသူဝတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုချိန်အထိ သေဆုံးသူ (၈၇) ယောက်ရှိရာမှာ Park Jee Young လည်း တစ်ယောက် အပါအ၀င်ဖြစ် ပါတယ်။
Park Jee Young ရဲ့ဈာပနအခန်းအနားမှာ ခေါင်းမှာပတ်တီးစည်းထားတဲ့ လူတစ်ယောက် ရောက်ရှိလာခဲ့ပြီး သင်္ဘောနစ်တုန်းကသူဟာ ခေါင်းမှာဒါဏ်ရာရခဲ့ပြီး သူ့ခေါင်းကသွေးထွက်နေတာကို Park Jee Young က သဘက်တစ်ခုနဲ့ပတ်ပေးပြီး သူ့ကိုလွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်လို့ ပြောပြပါတယ်။

မှတ်ချက်များ