ဦးဝင်းတင် ရုပ်ကလာပ်အား ဗုဒ္ဓဟူးနေ့ညနေ ဂူသွင်းသင်္ဂြိုလ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ရုပ်ကလာပ် အား ဧပြီ ၂၃ရက်၊ဗုဒ္ဓဟူးနေ့ညနေ ငါးနာရီ တွင်ရေဝေး သုဿန်၌ ဂူသွင်းသင်္ဂြိုလ်သွားမည်ဖြစ်ေ ကြာင်းသိရသည်။

“သူသေရင် မြန်မြန်သင်္ဂြိုလ်ပေးပါလို့ ပြောသွားတာ ရှိတယ်၊ သူ့ကြောင့် အခြားသူတွေကို ဒုက္ခမပေးချင် လို့၊ ဒါကို အကောင်အထည်ဖော်ပေးဖို့
ကြိုးစားတာပဲ၊ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး NLD၊ သတင်းစာလောက၊ အနုပညာလောက၊ နိုင်ငံရေးအကျဉ်း သား စတဲ့ အဖွဲ့အစည်းတွေကအများကြီးရှိတယ်၊ သူ့ရဲ့စိတ်ဓာတ်စေတ နာ ကို လေးစားသောအားဖြင့် ဒုက္ခလို့ မမှတ်ယူဘဲ သူ့အတွက်နောက်ဆုံး ဂါဝရပြုတယ်လို့ မှတ်ယူပြီးအဲဒီတာဝန်ကို ကြေအောင် ရှိတဲ့သူတွေနဲ့ ဝိုင်းဝန်းကြိုစား လုပ်ဆောင်သွားကြမှာပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောသည်။

ဟံသာဝတီ ဦးဝင်းတင်၏ ဈာပနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဦးဆောင်စီစဉ်သွားမည်ဖြစ်ပြီး ဧပြီ ၂၃ရက်နေ့လည် ၁၂နာရီမှ ညနေ ၅နာရီအတွင်း ဂါဝရပြုခြင်းနှင့် ဂူသွင်းသင်္ဂြိုလ်ခြင်းကို ရေးဝေးသုဿန်၌ ပြုလုပ်မည် ဖြစ်သည်။

ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းခွေ ပန်းခြင်းများကို ပြည်လမ်းရှိ ယုဒသန်ခန်းမတွင် ၂၃ရက်၊နံနက် ၁ဝနာရီအထိ ပေးပို့နိုင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင်လည်း ပေးပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ “အဖွဲ့ချုပ်စကတည်းက ပါလာတဲ့ အဓိက ပုဂ္ဂိုလ်၊ သူ့ဘဝမှာ နှစ်ပေါင်း နှစ်ဆယ်လောက်အကျဉ်းကျနေခဲ့ပြီး ရောဂါတွေ စုပြုံပါခဲ့တာ၊ တိုင်းပြည်အတွက် လွတ်လပ်ရေး ဒီမိုကရေစီအခွင့်အရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတွေကိုသတင်းစာသမား တစ်ယောက် အနေနဲ့ သူ့ရဲ့အတွေ့အကြုံ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်လာခဲ့တာ၊ ခုလိုကွယ်လွန်တာဟာ တိုင်းပြည်အတွက်အများကြီး ဆုံးရှုံးသွားတာပါ”ဟု ဦးတင်ဦးက မှတ်ချက်ပြုခဲ့သည်။

စစ်အစိုးရလက်ထက် နှစ်ပေါင်း နှစ်ဆယ်ခန့် အကျဉ်းကျခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်သည် ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်ကပြန်လည် လွတ်မြောက်လာခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ချိန်၌ အသက် (၈၅)နှစ် ရှိပြီဖြစ်သည်။

ထက်နောင်နောင်
မြန်မာ့ခေတ်

မှတ်ချက်များ