![]() |
| ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အနီးတွင် ဖုန်းအသုံးပြုနေသူများအား ဧပြီ ၂၂ ရက်က တွေ့ရစဉ် |
သင်္ကြန်ကား မငြင်းမဆန် မှန်မှန်ရောက်လာ၏။ အတင်းမပြန်ပါနဲ့ တားသော်လည်း မရ၊ သင်္ကြန်ရက်များ ကုန်လွန်သွားခဲ့၏။ နားထဲတွင်မူ တုန်ချမ်းချမ်းအသံများ ကြားနေဆဲ။ သင်္ကြန်အခါတော် ရေကစားကြတာ ပျော်ရွှင်စရာ ဟူသော သီချင်းသံကို နားတွင်စွဲနေ၏။ စိတ်စေရာလက်လိုက်ကာ ချရေးခြင်းအမှုကို ပြုမိ၏။
ကိုယ့်ပိုက်ဆံကိုယ် ပြန်ပြီးရတာ
ပျော်ရွှင်စရာ
များတာနည်းတာ အရေးမဟုတ်ပါ
တာဝန်သာ
ကျေရမှာ ယူထားတာ
အကုန်များတော့ မလိုချင်ပါနဲ့ဗျာ
ပြောတော့ သင်္ကြန်သီချင်း၊ ရေးတော့ ဘာကြီးလဲဟ မေးမလို့ထင်ပါ့။ စိတ်မစောပါလင့် မိတ်ဆွေ။ အတို့ကျွန် ရှင်းပြပါအံ့။
ရှင်းတတ်ဆို ဆင်း(မ်)ကတ်ကို ရေးခဲ့ပြီးပြီ။ ယခုတစ်ခါတွင်မူ ပလတ်စတစ်ကတ်ချင်း အမျိုးတူသော်ငြားလည်း အလျားသုံးလက်မကျော်ကျော် အနံနှစ်လက်မကျော်ကျော် အရွယ်ရှိသော နှစ်ချီသုံး မီးရထားလက်မှတ် ကတ်ပြားဖြစ်၏။ ပုံမှန်လိပ်စာ ကတ်ပြားများနှင့် အရွယ်တူဖြစ်၏။
နွေဦးခရီးမထွက်မီ ယခင်နှစ်များကပင် ဤအရပ်သို့ ရောက်ခဲ့ဖူး၏။ ပထမဦးဆုံးအခေါက် ဆိုလျှင်ကား ကြာခဲ့ပြီတည်း။ ရောက်ပြီးသည်နှင့် ရပ်နေသည် မဟုတ်တုံ့၊ သွားစရာရှိသည်တို့ကို သွားရ၏။
သွားရေးလာရေးမှာ မခက်ခဲလှ။ ကားငှားစီးလျှင် ကားခမေး ဈေးဆစ်စရာမလို။ သွားလိုရာပြောပြီး မီတာကျသမျှ ပေးရုံသာ။
လမ်းပေါ်မှာ ကားကျပ်သည့်အတွက် သွားလာချိန် မှန်းဆရ ခက်နေပါသလား။ မပူပါလင့်၊ အတောင်ပံမပါသည့် မိုးပျံရထားနှင့် မြွေမဟုတ်သော်ငြား မြေလျှိုးကာသွားသည့် မြေအောက်ရထားတို့ ရှိကြ၏။
မဟာရန်ကုန်တွင် ကားကျပ်ခြင်းနှင့် နေ့စဉ်လိုလို ကြုံနေရသဖြင့် အသားကျနေပြီးဖြစ်၏။ အသားကျနေပြီ ဖြစ်သော်ငြားလည်း ရေခြားမြေခြားတွင်မူ ခန္တီပါရမီကို ဆက်မဖြည့်လိုတော့ပြီ။ ရွေးစရာရှိလျှင် ရွေးချင်ကြသည်မှာ ဓမ္မတာပေးတည်း။
ရထားစီးလျှင် တစ်ခေါက်စာ တစ်ခါသုံးလက်မှတ်ကို ၀ယ်စီးလျှင်လည်းရ၏။ သို့တည်းမဟုတ် နှစ်ရှည်ခံလက်မှတ် ၀ယ်စီးလျှင်လည်းရ၏။ နှစ်ရှည်ခံလက်မှတ် သုံးခြင်းအားဖြင့် ဈေးသက်သာမသာ မသေချာသော်လည်း သွားလာရာတွင် အဆင်ပြေလှပေ၏။ အနည်းဆုံး လက်မှတ်ဝယ်ချိန် သက်သာ၏။ မိမိလက်မှတ်တွင် ငွေနည်းသွားလျှင် ကိစ္စမရှိ ငွေထပ်ဖြည့်လျှင်ရ၏။ ယခုတစ်ခါတွင် ယခင်အခေါက်က ငွေများဖြည့်ထားသည့် ကတ်ပြားက အဆင်သင့်ရှိ၏။ သို့ဖြင့် မိုးပျံရထား ဘူတာရုံသို့ ချီတက်၏။
ဘူတာရုံ ရောက်သည့်အခါ ဘောင်းဘီအိတ်ကပ်အတွင်းမှ ပိုက်ဆံအိတ်ကိုထုတ်ကာ ၀င်ပေါက်အ၀ လက်မှတ်ကတ်ပြရမည့် နေရာတွင် ပိုက်ဆံအိတ်ကို ဟန်ပါပါနှင့်ကပ်၏။ မောင်းတံကား မလှုပ်ချေ။ ပိုက်ဆံတွေ ကာနေတာများလို့ စက်ကမဖတ်လေသလား စဉ်းစား၏။ BTS ရထားနှစ်ရှည်သုံးကတ်ပြားကို ထုတ်၏။ ကတ်ပြားချည်းသီးသန့်ထပ်ကာ ကပ်ကြည့်၏။ လုံးဝမလှုပ်ချေ။ ဘူတာရုံ ရုံးခန်းသို့ ဆက်သွယ်စုံစမ်းရန် စာတန်းပေါ်လာ၏။
သို့နှင့် ရုံးခန်းသို့ဆက်သွယ်ကာ တင်ပြရ၏။ ကတ်ပြားကိုစစ်၏။ အဖြေရ၏။ ငွေ ၃၉၁ ဘတ် ကျန်ရှိနေသေးသော်လည်း ကတ်မှာသက်တမ်းကုန်လေပြီး။ စတင်ဝယ်ယူ သုံးစွဲသည့်နေ့၊ သက်တမ်းကုန်မည့်နေ အတိအကျ ကွန်ပျူတာဖန်သားပြင်တွင်ပြ၏။ မှန်၏။ ပဇာလုပ်ရပံ့။
တာဝန်ကျ ၀န်ထမ်းမမက ရိပ်မိပုံရ၏။ သက်တမ်းကုန်ပြီ ဖြစ်သော်လည်း ပိုက်ဆံတော့ ဆုံးမည်မဟုတ်ကြောင်း ပြော၏။ သူမအနေဖြင့် လက်မှတ်ကို ရုံးချုပ်သို့ ပြန်ပို့အတည်ပြုချက်ရပြီးလျှင် ထိုငွေကို ပြန်ထုတ်ပေးမည်ဖြစ်ကြောင်း ရှင်းပြကာ လက်မှတ်ကိုသိမ်း၏။ အမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်မေးကာ ဖုံခံတွင်းဖြည့်၏။ ယနေ့အတွက်မူ နောက်ကျနေပြီ ဖြစ်သဖြင့် နောက်နေ့တွင် အကြောင်းပြန်ပေးပါမည်ဟု ဆို၏။
နောက်နေ့ နေ့လယ်တွင် အကြောင်းကြားလွှာ သတင်းပေးပို့ချက် ရောက်လာ၏။ ပိုက်ဆံလာရောက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ရေးထား၏။ အဆင်မပြေမှုများ ကြုံတွေ့ရမည်ဟုဆိုလျှင် ခွင့်လွှတ်စေကြောင်း တောင်းပန်စကားဆို၏။ ဘူတာရုံသို့သွား၏။ ပိုက်ဆံထုတ်၏။ ပြန်ရ၏။ မြန်လှဘိ။ ကောင်းလိုက်သည့် ၀န်ဆောင်မှုပါတကား။
ဝန်ဆောင်မှု အကောင်းဆုံးကိုရွေးရန် အမှတ်ပေးဒိုင်လူကြီးအဖြစ် ရွေးချယ်ခန့်အပ် တာဝန်ပေးမည်ဆိုပါက ငြင်းရပေလိမ့်မည်။ တွေ့မြင်ကြုံရသမျှ ကောင်းနေဘိချေ၏။ ကုန်တိုက်မှ ကလေးမတို့သည် အသွေးလှ၏။ အပြောချို၏။ သွက်လက်ချက်ချာ၏။ ကြာတော့ ဟိုဟာကြည့်ဒီဟာကြည့် ဟိုဟာပြခိုင်း ဒီဟာပြခိုင်းသည်မှ အားနာကာ ဟိုဟာဝယ် ဒီဟာဝယ် ဖြစ်သွားတော့၏။
ဝယ်သည့်ကာလတွင် VAT Refund ထုတ်၍ ရကြောင်းရှင်းပြကာ ပုံစံဖြည့်စေ၏။ Value Added Tax ဟူသတတ်။ သူတို့နိုင်ငံသားများ အတွက်မှု ဈေးဝယ်တိုင်း နိုင်ငံတော်သို့ အနှီသောအခွန်ကိုပါ တွဲ၍ဆောင်ရ၏။ နိုင်ငံခြားသားများ အတွက်မူ ကုန်ဝယ်ပြေစာနှင့် VAT Refund လျှောက်လွှာကို ပြန်လည်ထွက်ခွာချိန်တွင် ပြသအစစ်ဆေးခံပြီးလျှင် ခုနစ်ရာခိုင်နှုန်းသော အသပြာကို ပြန်ရ၏။
အပြန်လေဆိပ်တွင် လေကြောင်းလိုင်း ကောင်တာတွင် သတင်းပို့ခြင်းမပြုမီ အကောက်ခွန်ဌာနသို့ သွား၏။ ပစ္စည်းပြကာ ပုံစံစာရွက် ပေးရ၏။ လေယာဉ်လက်မှတ်နှင့် နိုင်ငံကူး လက်မှတ်တို့ကို စစ်ဆေးပြီးသကာလ လက်မှတ်ထိုးကာ တံဆိပ်တုံးထုပေး၏။
လေကြောင်းလိုင်းကောင်တာတွင် သတင်းပို့ ပစ္စည်းချိန်တွယ်အပ်နှံ၊ လေယာဉ်တက်လက်မှတ်ထုတ်၊ လူဝင်မှုကြီးကြပ်ရေး ဖြတ်ပြီးသကာလ VAT Refund ကောင်တာသို့ ချီတက်၏။ လိုသည့် စာရွက်စာတမ်းများ စစ်ဆေးလက်ခံကာ ငွေထုတ်ပေး၏ ကောင်းစွတကား။
စင်စစ်ဤ Refund ဟူသော ဝေါဟာရသည် ရင်းနှီးပြီးသား စကားလုံးဖြစ်၏။ လွန်ခဲ့သောနှစ် ၃၀ ကျော်ကာလ ရန်ကုန်တက္ကသိုလ်၊ သထုံဆောင်တွင်နေထိုင် ပညာသင်စဉ်က လစဉ်အဆောင်ကြေး ၁၂၀ သွင်းရ၏။ လစဉ်ပိုငွေများကိုစုကာ နှစ်ကုန်လျှင် Refund ထုတ်ပေး၏။
ယနေ့ခေတ် ဝေါဟာရ အဘိဓာန်တွင် ဤစကားလုံး ရှာရခက်နေ၏။ ဆီးဂိမ်းဆင်း(မ်)ကတ်များ သက်တမ်းကုန်သည်ဟု ဆိုသည့်အချိန်တွင် ငွေလက်ကျန်များပါရော၍ မရဏသဘော ကိစ္စချောရရှာ၏။ Refund ဟူသည်ကား ကိုယ့်ပိုက်ဆံကိုယ် ပြန်ရခြင်းသာတည်း။
သို့ဖြစ်ရကား သင်္ကြန်ပြီးသွားသည့်တိုင် ပျော်ပျော်ကြီး သီချင်းဆက်ဆိုနေမိသည်မှာ ဆန်းသည်ဟုဆိုလျှင် ရောင်းရင်းအလွန်သာ။
အိုဘာတဲ့။
“ကိုယ်ပိုက်ဆံကိုယ် ပြန်ပြီးရတာ ပျော်ရွှင်စရာ . . . ”
“ယူထားတာပြန်ပေးပါ။ အကုန်များတော့ အပိုင်မလိုချင်နဲ့ဗျာ” ။ ။
မောင်စံပေါ | Eleven Media

မှတ်ချက်များ