ခုမြင်ခုပျောက် ကောက်ရိုးမီးလိုဖြစ်မှာမျိုးက ကြောက်ဖို့ကောင်းတယ်လို့ ဆိုတဲ့ မျိုးစန္ဒီကျော်
အနုပညာလောကမှာ လျှောက်လှမ်းလာခဲ့တာ ၁၀စုနှစ်တစ်ခုကို ကျော်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အတူ မျိုးဆက်သစ်လူငယ် အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်၊ သဘောထားတစ်ချို့ကိုမေးဖြစ်ခဲ့တာကတော့ “အစ်မ လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားလေးတွေ ရိုက်ဖြစ်နေပါတယ်။ တစ်အားကြီး ထူးထူးခြားခြား လုပ်ဖြစ်နေတာမျိုးတော့ မရှိပါဘူး။ နောက်ပြီး မျိုးဆက်သစ်လူငယ် အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး အစ်မ အမြင်ပြောရမယ် ဆိုရင်တော့ အခုခေတ် လူငယ်တွေ အရမ်းကံကောင်းပါတယ်။ ပြောချင်တာက တစ်ခုပဲ။ သူတို့တစ်တွေ အနေနဲ့ အဲဒီ့ကံကောင်းမှုတွေကို အသုံးပြုပြီး လေးလေးစားစားနဲ့ အလုပ်ကို လုပ်စေချင်တယ်။
မတို့ခေတ်က အငယ်တွေ နေရာပေးတယ်ဆိုတာ မရှိဘူး။ ခုကျတော့ အငယ်တွေ ဦးစားပေးရိုက်လာကြ တယ်။ အငယ်တွေ နေရာပေးတဲ့ ခေတ်လို့တောင် ပြောလို့ရတယ်။ အစ်မတို့တုန်းက နာမည်တစ်လုံးရ ဖို့ နေရာတစ်နေရာရဖို့ မနည်းကြိုးစားရသလို အဲဒီ့နေရာခိုင်မြဲအောင်လည်း ကြိုးစားရတယ်။ ဒါပေမယ့် နာမည် တစ်ခု ရသွားရင်တော့ ရေရှည်လုပ်လို့ရတာပေါ့။ ခုမြင်ခုပျောက် သွားမယ့် ကောက်ရိုးမီးလိုဖြစ် မှာ ကြောက်ဖို့ ကောင်းတယ်လေ။ နည်းနည်းလေး နာမည် ထွက်လာတာနဲ့ ငါအောင်မြင်လာပြီ ဆိုပြီးလည်း မဖြစ်ရဘူးလို့ အစ်မတို့တုန်းက ဆရာတွေသင်ပေးဖူးတယ်။
တစ်ချို့လေးတွေကျတော့ ကားလေး နည်းနည်း ရိုက်ရပြီဆိုတာနဲ့ မာန်တက်နေတာတွေ တွေ့ဖူးတယ်။ ကိုယ့်ထက်ကြီးတဲ့ သူတွေကိုလည်း လေးစားမှုမရှိတော့ဘူး။ အဓိကက သူတို့တစ်တွေအတွက် ရေရှည် လိုအပ်တာ အဲဒီ့အချက်လေးတွေပဲ။ အစ်မတို့က ခုချိန်ထိ ဘယ်သူ့ကိုမဆို Respect ထားတယ်။ အဲဒီ့အချက် တွေက ဖြည့်စွက်ကြိုးစားမယ် ဆိုရင် ကြိုးစားသလောက်ဖြစ်တဲ့ ခေတ်ကြီးမှာ လူငယ်တွေအ တွက် နေရာတွေရှိပါတယ်။” လို့ သူမက ပြောပြပေးသွားပါတယ်။
စန္ဒီ | Trend Myanmar

မှတ်ချက်များ