Miss Asia Pacific World 2014၏ပြိုင်ပွဲခေါင်းစဉ် တစ်ခု ဖြစ်သော သီချင်းသီဆိုမှုနှင့် သရုပ်ဖော်နိုင်စွမ်းပြိုင်ပွဲ၊ Talent Show ပြိုင်ပွဲတွင် Popularity Awardဆုကို ရရှိခဲ့ပြီဖြစ်ပြီး ကိုရီးယားသီချင်းကို ပိုင်နိုင်စွာသီဆိုထား နိုင်ရန်များစွာလည်း ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း အလှမယ် မေမြတ်နိုး ၏တာဝန်ခံ မလှနုထွန်းက အွန်လိုင်းမှ တစ်ဆင့်ပြောကြား သည်။
“မေမြတ်နိုးသီချင်းဆိုတာကို ပရိသတ်တွေအားလုံး လက်တွေလေထဲ မြှောက်ပြီးအားပေးကြတယ်။ ဒိုင်တွေက လည်း အလွန်သဘောကျတယ်။ သူကစင်ရှေ့ကိုဆင်းလာပြီး ဒိုင်တွေ ရှေ့မှာ သွားဆိုပြနေတာ။ ငါးဦးဆု ရွေးချယ်တဲ့ အထဲမှာ ပါဝင်ခဲ့ကြောင်း ကြေညာတော့ ပျော်ပြီး လက်ခုပ်တီးချင်တာကို ချုပ်တည်း ထား ရတယ်။ မေမြတ်နိုးက Channel 7 က အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲဝင်ဖူးသလို ဆာတိုရီ ရုပ်ရှင်ထုတ်လုပ် ရေးမှာလည်း အများကြီးလေ့ကျင့် ဖူးပါတယ်။ ကိုရီးယားအော်ပရာ အဆိုတော်နဲ့လည်း လေ့ကျင့်ထားတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာလည်း ဆရာတွေက အကောင်းဆုံးလေ့ကျင့်ပေးလိုက်ခြင်းက သူ့ကို ဆုရရှိစေခဲ့ပါ တယ်” ဟု National Director မလှနုထွန်း က ပြောပြသည်။
Talent Show အတွင်း Best Costume Design Award ကို Slovakia အလှမယ်၊ Korea Wave Star Award ကို Bulgaria အလှ မယ်၊ Popularity Awardကို မြန်မာအလှမယ်၊ World Star Award ကို Ecuador အလှမယ်၊ Best Personal Talent Award ကို Armenia အလှမယ်တို့က ရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲကို မေ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မေမြတ်နိုးအား https://www.facebook.com/missosology.info/app-376474729030486 မဲပေးမှုတွင် မဲပေးသူအရေအတွက် အများဆုံး ရရှိထားပြီး အဆိုပါမဲပေးမှုအတွက် Missosologists’ Choice Award ဆုရရှိရန် သေချာသလောက် ရှိနေပြီဖြစ် သည့်အပြင် နိုင်ငံတကာ အလှမယ်ပေါင်း ၄၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ထိုပြိုင်ပွဲ၏ အလှမယ် သရဖူဆု ကိုလည်း ရယူရန် တစ်ကြိုပေးခံရသူသုံးဦးစာရင်းတွင် ဖိလစ်ပိုင်အလှမယ်နှင့် အတူရေပန်းစားလျက်ရှိ သည်။
“အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ နိုင်ငံတကာပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရလို့ ဖော်မပြတတ်အောင် ဝမ်းသာမိပါတယ်။ အခက်အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ မဲပေးကြတဲ့ မြန်မာပရိသတ်ကြီးကို ကျေးဇူး လည်းတင်ပါတယ်။ တစ်ရက်အချိန်ရှိပါသေးတယ်။ မြတ်နိုးကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်။ မြန်မာ အလှ မယ်တွေ အခုလို ကမ္ဘာ့အလှမယ် စင်မြင့်ပေါ်မှာ တက်လှမ်းခွင့်ရတာကို ဂုဏ်လည်းယူမိပါတယ်။ အလှ အပ တစ်ခုတည်းနဲ့တင်မဟုတ်ဘဲ ကိုယ်ရည်ကိုယ်သွေး၊ ကျန်းမာကြံ့ခိုင်ခြင်းနဲ့ ဉာဏ်ပညာတွေပေါင်းစပ် ယှဉ်ပြိုင် ခွင့်ရတာ မြတ်နိုးကျေနပ်ပါတယ်။ ဆုရဖို့ အများကြီး ကြိုးစားထားပေမယ့် မမျှော်လင့်ရဲပါဘူး” ဟု အွန်လိုင်းမှတစ်ဆင့် မေမြတ်နိုးကပြောသည်။ ထို့အပြင်မြန်မာအလှမယ်မေမြတ်နိုးအား ကိုရီးယား နည်းပညာ ကုမ္ပဏီတစ်ခုမှ သံတမန်အဖြစ် ခန့်အပ်ထားပြီး ယခုနှစ် Miss Asia Pacific World 2014 ပြိုင်ပွဲဝင်အလှမယ် ၄၀ အနက် ပထမဆုံး ခန့်အပ်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
MOI Webportal

မှတ်ချက်များ