နိုင်ငံတကာ အာမခံဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်စေရန် မြန်မာနိုင်ငံတွင် အာမခံကောလိပ် ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

အာမခံကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း ပြောကြားနေစဉ်

နိုင်ငံတကာ အာမခံဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် အာမခံကောလိပ်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ရရှိသောသတင်း များအရ သိရသည်။

အဆိုပါကောလိပ်ကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး ပုဂ္ဂလိက အာမခံကုမ္ပဏီများမှ ဦးဆောင်ဖွင့်လှစ် သွားမည်ဖြစ်ကာ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ကွပ်ကဲသွားမည်ဖြစ်ကြောင်း သိရသည်။

“အာမခံဈေးကွက်က မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာပြီ။ အဲဒီဈေးကွက်မှာ လုပ်မယ့်သူတွေရဲ့ အရည် အသွေးမြှင့်ဖို့ လိုလာပြီ။ နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာတဲ့အခါမှာ သူတို့နဲ့ ယှဉ်နိုင်ဖို့၊ ဟိုဘက်မှာရုံးတွေ သွားဖွင့်နိုင်ဖို့အထိကို အဲဒါတွေအတွက် အရည်အသွေးတွေ မြှင့်ဖို့လိုတယ်။ အခုကတော့ နိုင်ငံခြားပညာ ရှင်တွေနဲ့အတူ သင်တန်းတွေ လုပ်နေတယ်။ အဲဒီသင်တန်းက နောက်တစ်ဆင့်တက်တာက နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်မယ့် ကောလိပ်တွေ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါကောလိပ်အား လက်ရှိတွင် Myanmar National Insurance College ဟုအမည်ပေးထားပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီး အာမခံလုပ်ငန်းအား စိတ်ဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းနှင့် သက်ဆိုင်သည့်ကျောင်း၊ သင်တန်းများ လက်ရှိတွင် မရှိသေးသော် လည်း ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များမှ သင်တန်းများ လာရောက်ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အတွင်းတွင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး နိုင်ငံတကာမှ အာမခံကုမ္ပဏီများ ၀င်ရောက်လာပါက ယှဉ်ပြိုင်နိုင်စေရန်အတွက် အာမခံကောလိပ်ကို ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရသည်။

အေးမြတ်မွန်၊ သက်ထား | News Eleven

မှတ်ချက်များ