အကောင်းဆုံး နားလည်ဖြည့်ဆည်းမှုတွေ ပေးနိုင်တဲ့သူကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် သက်သခင်

အကယ်ဒမီဗန်းကိုင်ကနေ တစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် သက်သခင်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သူမရဲ့အချစ်အကြောင်း ကို မေးဖြစ်ခဲ့တဲ့အခါ “သက်သခင် လတ်တလောမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးဖြစ်နေတယ်။ Cover ရိုက်ဖြစ်တယ်။ ဗီစီဒီရိုက်ဖြစ်တယ်။ ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ရင်တော့ သိပ်ပြီး မရိုက်ဖြစ်တော့ဘူး။ ရိုက်ကူးရေးဘက်ကို မလှည့်ဖြစ်ဘူး။ ရိုက်ထားပြီးတဲ့ကားတွေ ထွက်ဖို့ပဲ ရှိပါတယ်။

အနုပညာလှုပ်ရှားမှု ထက် အခုချိန်မှာ ပရဟိတ အလုပ်တွေ ပိုလုပ်ဖြစ်ပါတယ်။ ပရဟိတ အလုပ်တွေကတော့ အလျဉ်းသင့်ရင် သင့်သလို လုပ်ပေးဖြစ်ပါတယ်။ ပါဝင်လှုပ်ရှားပေးဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ လုပ်ရတာ အရမ်းစိတ်ကြည်နူးဖို့ ကောင်းပါ တယ်။ ပြီးတော့ မွန်မြတ်တဲ့အလုပ်တစ်ခုပါ။ နောက်ထပ်လည်း ဆက်ပြီးတော့ ပရဟိတတွေမှာ ပါဝင်လှူဒါန်း၊ လုပ်ကိုင်ပေးသွားမှာပါ။

သက်သခင် အချစ်ရေးနဲ့ ပတ်သက်လို့ ပြောစရာအထွေအထူးတော့ မရှိပါဘူး။ လက်ရှိမှာ သက်သခင်ရဲ့အ ချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အဆင်ပြေပါတယ်။ သက်သခင် ရွေးချယ်မယ့် အိမ်ထောင်ဖက်က သက်သခင်ကို ချစ်ရမယ်။ သက်သခင် ကလည်း ချစ်ရတဲ့သူဖြစ်ရမယ်။ ပြီးတော့ သက်သခင်အပေါ်မှာ သစ္စာရှိရမယ်။ နားလည်ပေးရမယ်။ သက်သခင်ဆိုးသမျှအပေါ်မှာလည်း ခွင့်လွှတ်၊ နားလည်ပေးနိုင်ရမယ်။ ဘဝတစ်လျှောက်လုံး အစစအရာရာမှာ အကောင်းဆုံး၊ နားလည်ဖြည့်ဆည်းပေးနိုင်တဲ့ သူမျိုးဖြစ်ရမယ်။ အဲဒီလိုလူမျိုးပေါ်လာခဲ့ပြီဆိုရင်တော့ အိမ်ထောင်ရေးကို စဉ်းစားရမှာပေါ့”လို့ သူမက ဖွင့်ဟသွားပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ