ဒီပဲယင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ကြည်ရွာတွင် (၁၁) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

ဒီပဲယင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ကြည်ရွာ တွင် (၁၁) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပစဉ် စစ်အာဏာရှင်စနစ်၏ ဆိုးရွားသော ပြ ယုဂ်တစ်ခုဖြစ်သည့် ဒီပဲယင်း အကြမ်းဖက် မှု (၁၁) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကို ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာ တွင် မေ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပသော အခမ်းအနားတွင် ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ မုံရွာ၊ ချောင်းဦး အစရှိသောမြို့နယ်များမှ လူဦးရေ တစ်ထောင် နီးပါး တက်ရောက်ခဲ့သည်။

“အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ရဲဘော်ရဲဘက်တွေအတွက် အမျှဝေတယ်။ အမှတ်တရ ကဗျာရွတ်တာမျိုးတွေ၊ မေ ၃၀ ရက် အကြမ်းဖက်မှုနဲ့ စပ်လျဉ်းတဲ့ အဖြစ်အပျက်တွေကို ပြန်ရှင်းလင်း တာတွေ လုပ်တယ်” ဟု အခမ်းအနား တက်ရောက်သူ ဦးမိုးမင်းက ပြောကြားသည်။

၂၀၀၃ ခုနှစ် မေ ၃၀ ရက် (မြန်မာသက္ကရာဇ် ၁၃၆၅၊ ကဆုန်လကွယ်) ညပိုင်းက ကျီရွာအနီး ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်မှုမှာ ယင်းအချိန်က စစ်ကိုင်းတိုင်း ခရီးစဉ်အဖြစ် သွားလာနေသော မြန်မာ့လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုဖြစ်ပြီး အကြမ်းဖက်မှုကြောင့် လူပေါင်းရာချီကာ သေဆုံးခဲ့ဖွယ် ရှိသည်ဟု သိရသည်။

“အဲဒီတုန်းက ဒေါ်စုယာဉ်တန်းမှာ လူဦးရေ သုံးရာဝန်းကျင်ပါတယ်။ အကြမ်းဖက်မှုပြီးတော့ အဖမ်းခံရတာ က လူဦးရေ ၁၂၀ ခန့်ရှိမယ်။ အဲဒီတော့ လူ ၂၀၀ လောက်က သေဆုံးတာနဲ့ လွတ်မြောက် သွားတာ လို့ ပြောလို့ရတာပေါ့။ တစ်ခုရှိတာက လူငါးထောင်လောက် လက်နက်အပြည့် နဲ့ နှစ်ဖက်ပိတ်ရိုက်တဲ့ အထဲမှာ လွတ်မြောက်သွားဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စလို့ ထင်တယ်” ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက သုံးသပ်သည်။

န.အ.ဖ စစ်အာဏာရှင် လက်ထက်က ဖြစ်ပွားခဲ့သော ဒီပဲယင်းလုပ်ကြံ အကြမ်းဖက်မှုနှင့်ပတ်သက်၍ အချိန်တန်ပါက ဖွင့်ချပြောဆိုရန် မှတ်တမ်းမှတ်ရာများ အသင့်ရှိနေကြောင်း ယမန်နှစ် ဒီပဲယင်းအကြမ်းဖက် မှု နှစ်ပတ်လည် အခမ်းအနားတွင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူက ပြောကြား ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကို န.အ.ဖ စစ်အာဏာရှင်၏ ကြိုးကိုင်မှုဖြင့် ပြည်သူ့စွမ်းအားရှင် အမည်ခံ လူမိုက်များ၊ ကြံ့ဖွံ့အသင်းဝင်များ (ယခုပြည်ခိုင်ဖြိုးပါတီ)၊ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူများနှင့် သင်္ကန်း အရေခြုံရန်လိုသူများက ပြုလုပ်ခဲ့ကြကြောင်း ဒီပဲယင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာ များ၊ ခိုင်လုံသည့် မြေပြင်အချက်အလက်များမှ သိရသည်။

“လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင် ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို စုံစမ်းစစ်ဆေးမှုတွေ တရားဝင်ပြုလုပ် သင့်ပြီလို့မြင်တယ်” ဟု တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

အောက်မေ့ဖွယ် အခမ်းအနားကို နံနက် ၈ နာရီမှ နံနက် ၁၁ နာရီအထိ သုံးနာရီကြာ ကျင်းပခဲ့သည်။

EMG

မှတ်ချက်များ