မြန်မာ့စီးပွားရေးစစ်တမ်း ၂၀၁၄ နှင့် လာဘ်ပေးလာဘ်ယူကိစ္စ

ဗွီအိုအေသတင်းမှာ မြန်မာ့စီးပွားရေးစစ်တမ်း ၂၀၁၄ ကို ဖတ်လိုက်ရတယ်။ အဲဒီ ဆန်းစစ်ချက်တွေကနေ စာရေးသူအတွက် အခုဆောင်းပါးကိုရေးဖို့ စိတ် ကူးပေါ်လာခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ စီးပွားရေး တိုးတက်ပါမှ နိုင်ငံသားပြည်သူတွေရဲ့ ဘ၀အရည် အသွေး တိုးတက်မြင့်မားလာစေမှာ ဖြစ်သလို နိုင်ငံလည်း တိုးတက်လာစေမှာ ဖြစ်တယ်။ စာရေး သူရဲ့ ဆန္ဒကတော့ မိမိနိုင်ငံ တိုးတက်စေလိုတဲ့ စေတနာဖြစ်လို့ နေ့စဉ်ဖတ်ရှု သိမြင်ရတဲ့ အချက်တွေအပေါ် မူတည်ပြီး ဆောင်းပါးတွေ ရေးဖြစ်တယ်။

စာရေးသူတို့နိုင်ငံက အတိတ်သမိုင်းကြောင်း မကောင်းခဲ့ဘူးလို့ ပြောနိုင်တယ်။ အတိတ်က လုပ်ဆောင် ခဲ့သမျှ အရာအားလုံးက မျက်မှောက်ခေတ်မှာလာပြီး အမည်းစက် ထင်ကျန်ရစ်နေတယ်။ အဲဒီ အမည်းစက်ကို ဖျက်ပစ်ဖို့က မျက်မှောက်ခေတ်မှာ အသက်ထင်ရှား ရှိနေသူတွေ အားလုံးမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူတွေ အားလုံးက တာဝန်ယူတတ်ပါမှ အနာဂတ် မြန်မာနိုင်ငံက ကောင်းမွန်လာမှာ ဖြစ်တယ်။ လူတွေမှာ စေတနာမှန်မှန် ရှိသူတွေက နိုင်ငံကို ဦးဆောင်ပါမှ နိုင်ငံက တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်တယ်။

“Nobody is above the law.” လို့ ဆိုပေမယ့် စာရေးသူတို့နိုင်ငံမှာ ဥပဒေအထက်မှာ လူအချို့ ရှိနေသေးတယ်။ အဲဒီလူတွေရဲ့ စိတ်ဓာတ်ကို ဥပဒေအရိပ်အောက်မှာ ရှိလာစေဖို့ ပြုပြင်ကြရမယ့် ဥပဒေတွေကို ပြုပြင်၊ ပြန်လည်ရေးဆွဲကြရမယ့် ဥပဒေတွေကို ပြန်လည်ရေးဆွဲကြရမှာ ဖြစ်တယ်။ နိုင်ငံတိုးတက်စေဖို့အတွက် အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အများပြည်သူ ဂဃနဏသိအောင် ချမပြဘဲ ရာခိုင်နှုန်း ၉၀ ကျော်က ထောက်ခံပါတယ် ဆိုတာမျိုး လှည့်စားမှုက အရုပ်ဆိုး အကျည်းတန်လွန်းတယ်။ ပြည်သူတစ်ဦးချင်းကို ပြန်လည်မေးခွန်းထုတ်ကြည့်ပါ။ ခင်ဗျားတို့ အခြေခံဥပဒေမှာ ဘာတွေပါသလဲ သိရဲ့လားလို့လေ။

အဓိက,ကတော့ မိမိနိုင်ငံ နိုင်ငံသားတွေအပေါ် သစ္စာရှိဖို့ အရေးကြီးတယ်။ ဟိုယခင် ပုဂ္ဂိုလ်ကြီးက ရွေးချယ်ပွဲ (တစ်နည်း) မဲပေးရာမှာ သူ့လူတွေကို ပြောခဲ့တဲ့ စကားတစ်ခွန်းကို တစ်ဆင့်စကား တစ်ဆင့်နား ကြားသိခဲ့ရဖူးတယ်။ “မင်းတို့မြေပြင်မှာတော့ ရှုံးချင်မှရှုံးမယ်။ သို့ပေမဲ့ ဝေဟင်မှာတော့ မင်းတို့အနိုင်ရစေမယ်” ဆိုတာ ဖြစ်တယ်။ နိုင်ငံမှာ ခေါင်းဆောင်နေရာက အများပြည်သူတွေ ယုံကြည်မှုရဖို့ အရေးကြီးတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ပြည်သူလူထုကနေ အများဆန္ဒနဲ့ စနစ်တကျ ရွေးချယ်တင်မြှောက်ခံရလို့ ခေါင်းဆောင်အဖြစ် မိမိကိုယ်မိမိ ခံယူပြီး အုပ်ချုပ်သူတွေက ဘ၀နိဂုံး မကောင်းကြသူတွေ ဖြစ်လာတာ ရှေ့မှာ အထင်အရှား ပြခဲ့ပြီဖြစ်တယ်။

နိုင်ငံတွေမှာ စစ်မှန်တဲ့ခေါင်းဆောင် ဆိုတာက ရာထူးနေရာအတွက် ခေါင်းဆောင်ဖြစ်လာရတာ မဟုတ်ဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်အောင် လုပ်မယ်ဆိုတဲ့ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ အနာဂတ် အမြင်ကောင်းတွေနဲ့ စေတနာမှန်မှန် အလုပ်ပေးကြရတာ ဖြစ်တယ်။ ဦးတည်ချက်မှန်တဲ့ နိုင်ငံခေါင်းဆောင်က မိမိအုပ်ချုပ်စဉ် ကာလအတွင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအ၀င် ဘက်ပေါင်းစုံ တိုးတက်လာအောင် လုပ်ပေးကြရမယ့် ဦးတည်ချက်ကောင်းတွေ ထားရှိလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အခုတော့ ကြည့်ပါဦးဗျာ။ ယခင်ပုဂ္ဂိုလ်တစ်ဦးက “အူမ မတောင့်ရင် သီလမစောင့်နိုင်ဘူး” ဆိုတဲ့ စကားညွှန်းနဲ့ သူကိုယ်တိုင်ကတော့ နိုင်ငံ့ပစ္စည်း ငါ့ပစ္စည်းဆိုပြီး ရုပ်လုံးဖော်သွားခဲ့တယ်။ နောက်တစ်ဦးကျတော့ (င) လေးလုံးဆိုပြီး ငါ့အတွက်၊ ငါ့မိန်းမအတွက်၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုးအတွက် ရှောင်ရမယ်ဆိုပြီး လမ်းညွှန်ချက်တွေထုတ်ပြီး အလုပ်လုပ်ခဲ့တယ်။ အဲဒါကို တစ်ဦးတစ်ယောက်ကို ပြောမိတော့။ ခင်ဗျား ဘာသိလို့လဲ။ သူက ရှောင်ခိုင်းတာက (င)လေးလုံး သူဆောင်သွားတာက (င) ငါးလုံးဖြစ်တယ်လို့ ဆိုတယ်။ အပြောနဲ့ အလုပ်မညီဘဲ နိုင်ငံပစ္စည်း ငါ့ပစ္စည်း၊ နိုင်ငံဘဏ္ဍာ ငါ့ဘဏ္ဍာဆိုပြီး လက်ဝါးကြီးအုပ် လုပ်ခဲ့တာကြောင့် နိုင်ငံမှာ ခရိုနီစီးပွားရေးဖြစ်လာ၊ နိုင်ငံသားအများစုက ဆင်းရဲတွင်းနက်၊ အကျင့်ပျက်ခြစားမှုတွေက လုပ်ငန်းဌာန နေရာတိုင်းမှာ ဖြစ်ထွန်းပေါ်ပေါက် လာစေခဲ့တယ်။ ယုတ်စွအဆုံး ဘာသာရေး လုပ်ငန်းတွေမှာသော်မှ ဘာဘွဲ့ရဖို့ဆိုပြီး အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်ဆိုတာ ကြားသိနေရတယ်။

ဒီကနေ့ ဒီမိုကရေစီခေတ်မှာ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်က မပြောသင့်တဲ့စကား ပြောသွားတယ်။ ကျပ်သုံးသိန်းအောက်ဆိုရင် ယူနိုင်တယ်တဲ့လေ။ စဉ်းစားသာ ကြည့်ကြပါ။ ဒီလိုနဲ့ လုပ်ငန်းနေရာတွေမှာ ပုဒ်မလေးပေးမှ လုပ်ဆိုတာတွေ များလာစေတယ်။ အကျင့်ပျက် ခြစားမှုတွေကြောင့် နိုင်ငံအတွင်းမှာ ဆင်ရဲချမ်းသာ ကွာဟမှုက ကျယ်လာတယ်။ ကျောင်းနေအရွယ် ကလေးငယ်တွေ ပညာရင်နို့ မသောက်စို့ရရှာဘဲ လမ်းဘေးမှာ ဘ၀၀မ်းရေးအတွက် ရရာအလုပ်၊ ကြုံရာအလုပ်တွေ လုပ်နေကြရတယ်။ မိန်းကလေးတွေဆိုရင် ၀တ်ချင်စားချင်တာကြောင့် ကိုယ်နဲ့ရင်းပြီး အလုပ်လုပ်နေကြရတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ — နိုင်ငံ ဖြစ်လာတယ်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ နိုင်ငံအတွင်းမှာ စီးပွားရေးတွေ ကောင်းရမယ်။ ပညာရေး အဆင့်အတန်းတွေ မြင့်မားပြီး နိုင်ငံသားအများစုက ပညာတတ်တွေဖြစ်အောင် လုပ်ဆောင်ပေးရမယ်။ အကြောက်တရားတွေ ကင်းစင်စေရမယ်။ နိုင်ငံသားတွေ ကျန်းမာရေးအတွက်လည်း အခမဲ့ ကျန်းမာရေးဆေးခန်းတွေ များများဖွင့်ပေးနိုင်ရမယ်။ နိုင်ငံသား တစ်ဦးချင်းရဲ့ဘ၀ တိုးတက်မြင့်မားစေရေးကို အစိုးရက တာဝန်ယူပေးရမှာ ဖြစ်တယ်။ လစာဝင်ငွေက တစ်ဦးချင်းစီရဲ့ စာရေးဝတ်ရေးနေရေးဆိုတဲ့ အခြေခံ အရေးသုံးပါးကို ဖြည့်ဆည်းပေးနိုင်စေရမှာ ဖြစ်သလို လူတစ်ဦးချင်းစီကလည်း နိုင်ငံအတွက် ပေးဆောင်ကြရမယ့် ထိုက်သင့်တဲ့ အခွန်အခတွေကို ပေးဆောင်ကြရမယ်။ နိုင်ငံတော်ဘက်ကလည်း အဲဒီ အခွန်အခတွေကို မိမိနိုင်ငံသားတွေ အကျိုးအတွက် ပွင့်လင်းမြင်သာ အသုံးပြုပေးရမှာ ဖြစ်တယ်။

နိုင်ငံအစိုးရပိုင်းကလည်း မိမိတို့ ပိုင်ဆိုင်ထားမှုတွေကို အများပြည်သူ ထင်သာမြင်သာ ဖြစ်စေရမယ်။ အဓိက,ကတော့ အစိုးရ အပါအ၀င် လူတစ်ဦးချင်းက Integrity လို့ခေါ်တဲ့ ရိုးသားမှု Honesty၊ သမာသမတ်ရှိမှု fairness နဲ့ ယုံကြည်မှု Trust တွေ ရှိနေကြမှာ ဖြစ်တယ်။ အပြောနဲ့အလုပ် ညီစေပြီး အတ္တနည်းနိုင်သမျှ နည်းစွာနဲ့ အများအကျိုး သယ်ပိုးလိုစိတ် ရှိပါမှသာ လာမယ့်အနာဂတ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ဘက်ပေါင်းစုံ တိုးတက်လာနိုင်စေမှာ ဖြစ်ကြောင်းပါ။


ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်) | News Eleven

မှတ်ချက်များ