ဥရုဂွေးအသင်းကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် မိမိတို့ တစ်သင်းလုံး ယူကျုံးမရ ခံစားနေရကြောင်း အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆင်က ဝန်ခံပြောကြားခဲ့သည်။
တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ သွင်းဂိုးများကြောင့် ဥရုဂွေးက အင်္ဂလန်ကို အနိုင်ရရှိခဲ့ပြီး အင်္ဂလန်အတွက် တစ်လုံးတည်းသော ဂိုးကိုမူ ဝိန်းရွန်နေးက သွင်းယူခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်သည် အီတလီ၊ ဥရုဂွေးတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ထားသည့်နောက် ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ ကျောခိုင်းထွက်ခွာရရန် အနီးစပ်ဆုံး ဖြစ်လာခဲ့သည်။
“ကျွန်တော်တို့ စိတ်ပျက်လက်ပျက် ဖြစ်နေတယ် ဆိုတာထက်ကို ပိုပါတယ်။ ကျွန်တော်တို့ ယူကျုံးမရ ဖြစ်နေတာပါ”ဟု ဟော့ဂ်ဆင်က ဆိုသည်။ “ဒီပွဲကနေ ရလဒ်ကောင်းတစ်ခုခု ပိုင်ဆိုင်နိုင်မယ်လို့ တစ်သင်းလုံး အမှန်တကယ် ယုံကြည်ထားခဲ့တာပါ။ ကျွန်တော်တို့ (၁)ဂိုးစီ သရေထိ လိုက်ကစားခဲ့တဲ့နောက် အနည်းဆုံးသရေ၊ ဒါမှမဟုတ် နိုင်တော့မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ အခုချိန်မှာတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး”ဟုလည်း ၎င်းက ညည်းညူခဲ့သည်။
ဟော့ဂ်ဆင်က “ခုပွဲမှာ ကျွန်တော်တို့ နိုင်ခြေရှိခဲ့တယ်။ ဒီလို အနေအထားနဲ့ ကျွန်တော်တို့ ရှုံးမသွားခဲ့သင့်ဘူးလို့ ခုထိ ခံစားမိနေတုန်းပဲ။ ကျွန်တော်တို့ဟာ ဥရုဂွေး ဂိုးပေါက်ကို အကြိမ်အတော်များများ ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဘောလုံးပွဲမှာ အရေးကြီးတာက ပြိုင်ဘက်ဂိုးပေါက်နား ဘောလုံးဘယ်နှခါ ရောက်သလဲ ဆိုတာ မဟုတ်ဘူးလေ။ ဂိုးပေါက်ထဲကို ဘောလုံးဘယ်နှကြိမ် ဝင်သွားသလဲ ဆိုတာကသာ အဆုံးအဖြတ် ဖြစ်ပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။
၎င်းက အင်္ဂလန် မန်နေဂျာ ရာထူးမှ နုတ်ထွက်ရန် အစီအစဉ် မရှိကြောင်း ဆိုသည်။ “နုတ်ထွက်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက် မရှိပါဘူး။ လက်ရှိ အခြေအနေမှာ ခါးခါးသီးသီး ခံစားနေရတာ အမှန်ပါပဲ။ ဒါပေမဲ့ နုတ်ထွက်ဖို့ လိုမယ်လို့တော့ ကျွန်တော် မခံစားမိပါဘူး။ တကယ်လို့ ဒီအလုပ်အကိုင်မှာ ကျွန်တော်က မှန်ကန်သင့်လျော်သူ မဟုတ်ဘူးလို့ FAက ယူဆခဲ့မယ်ဆိုရင် သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါဟာ သူတို့ကိစ္စပါ။ ကျွန်တော်နဲ့ မဆိုင်ပါဘူး”ဟုလည်း ဟော့ဂ်ဆင်က ပြောကြားသွားသည်။
7daydaily

မှတ်ချက်များ