![]() |
| ဒဏ်ရာရနေသည့် ကေအိုင်အေတပ်သားတစ်ဦးကို ဆေးထိုးကုသစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ/gettyimage) |
ဧပြီလလယ်နေ့တစ်နေ့ တွင် အစိုးရစစ်သားများက ကချင်ပြည်နယ်ရှိ ဦးဂမ်(အမည်ပြောင်း)၏နေအိမ် သို့စီးနင်းကာ မွှေနှောက်ဖျက်ဆီးသွားခဲ့သည်။
ယင်းနောက် သူနှင့်အတူ အခြားအရပ်သားငါးဦးကို ကေအိုင်အေရှေ့တန်းတပ်ရှိရာဘက်သို့ လမ်းပြအဖြစ် အဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း အသက် (၅၅)နှစ်ရှိ လယ်သမားကြီး ဦးဂမ်က ပြောပြသည်။
‘‘ကျွန်တော်က ကြောက်နေတယ်။ ကျွန်တော်တို့ကို ရှေ့ကနေ အတင်းလျှောက်ခိုင်းတယ်’’ ဟု သူ့ကိုပြန်လွှတ်ပြီး ရက်များ မကြာမီတွင် ၎င်းက ပြောပြခဲ့သည်။
‘‘မြန်မာတပ်က ဗိုလ်ကြီးက ပြောတယ်။ တိုက်ပွဲစရင် မင်းတို့ အရင်ဆုံးသေမှာပဲတဲ့’’
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့သည့် စစ်အုပ်ချုပ်ရေးအပြီး အရပ်သားတစ်ပိုင်း အစိုးရက ၂၀၁၁ ခုနှစ်တွင် အာဏာရခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်နေသည်။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်ရပ်လက်မှတ်များ ရေးထိုးနေပြီး အရပ်သားလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရပ်တန့်ရန် ကြွေးကြော်နေသည်။
အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂတို့က ယခင် အပယ်ခံအစိုးရနှင့် အမြန်ပင် ပြန်လည်ဆက် ဆံလာပြီး စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းနေခြင်း၊ စစ်တပ်ချင်း အကန့်အသတ်ဖြင့် ပူးပေါင်းဆက်ဆံမှုများပြုလုပ်ခြင်းများဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာလာကြမည်ဟု မျှော်လင့်နေ ကြသည်။
သို့ရာတွင် ပြုပြင်ပြောင်းလဲ ရေးလုပ်ဆောင်သည့် သုံးနှစ်ရှိသည့်တိုင်အောင် စစ်တပ်က နိုင်ငံရေးအာဏာ အတော်များများကို ချုပ်ကိုင်ထားဆဲ၊ မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုက်ပွဲများကလည်း ဆက်လက်ဖြစ်ပွားနေ ဆဲ ဖြစ်သည်။ လူ့အခွင့်အရေးစောင့်ကြည့်သူများက မြန်မာစစ်တပ်၏ စစ်ရာဇဝတ် ကျူးလွန်မှုများကို အတော်ကြာကြာကတည်းက အပြစ်တင်စွပ်စွဲနေခဲ့သည်။ ယင်းအထဲတွင် အရပ်သားများကို စစ် မြေပြင်တွင် လမ်းပြအဖြစ်၊ ပေါ် တာအထမ်းသမားများအဖြစ် အသုံးချခြင်း၊ ရွာများကို ဖျက်ဆီး ခြင်း၊ အမျိုးသမီးများ အပေါ် လိင်ဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ တရားမဲ့ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများလည်း ပါဝင်သည်။
အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးလာသော်လည်း ဂလိုဘယ်ပို့စ်က မကြာသေးမီက မေးမြန်းခဲ့ သည့် ပြည်တွင်းအိုးအိမ်မဲ့များအား မေးမြန်းချက်များအရ မြန်မာစစ်တပ်၏ တိုင်းရင်းသား စစ်ပွဲဒေသများ တွင် လူ့အခွင့် အရေးချိုးဖောက်မှုများက ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်ကြောင်း ပြ သနေသည်။
မတ်လကုန်ပိုင်းတွင် မြန်မာစစ်တပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ သူပုန်များထိန်းချုပ်ရာနယ်မြေ တွင် စစ်တပ်များ ထပ်မံချထားလိုက်ပြီးသည့်နောက်တွင် အကြမ်းဖက်မှုများက ပို၍ တိုးလာသည်။ ထိုအချိန်မှစ၍ နှစ်ဖက်စလုံးက ဒဏ်ရာရ၊ သေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းပေးပို့ချက်များ မကြာခဏ တွေ့လာရသည်။
လတ်တလောတိုက်ပွဲများကြောင့် အနည်းဆုံး လူပေါင်း ၂,၇၀၀ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရာပေါင်းများစွာကလည်း အိမ်နီးချင်းတရုတ်နိုင်ငံဘက်သို့ နယ်စပ်ကျော် ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ ခန့်မှန်းချက်များက ဆိုသည်။ လတ်တလော စစ်ပြေးဒုက္ခသည်များက လွန်ခဲ့သည့် သုံးနှစ် ကေအိုင်အေနှင့် အစိုးရတို့အကြား အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်ကစပြီး မြန် မာပြည်မြောက်ပိုင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် ဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော် စာရင်းတွင် ထပ်မံတိုးလာခြင်း ဖြစ်သည်။
မြန်မာစစ်တပ်နှင့် အမေရိကန် ဆက်ဆံရေး
အနိုင်ကျင့်အခွင့်အရေးချိုးဖောက်မှုသတင်းများ ဆက်တိုက် ထွက်ပေါ်လာနေချိန်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာစစ်တပ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုများအပါအဝင် ယခင်နှင့် လက်ရှိလူ့အခွင့် အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။
အမေရိကန်စစ်တပ်က မြန်မာနှင့် ဆက်ဆံရေးမတိုးမြှင့်မီ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း အမေရိကန်ဥပဒေကြမ်းတစ်ရပ်တွင် ပြဋ္ဌာန်းလိုက်သည်။ အမေရိကန် ဥပဒေပြုအမတ်များက လက်ရှိ မြန်မာစစ်တပ်၏ နိုင်ငံရေးအာဏာ ရယူထားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများအတွက် စိုးရိမ်ပူပန်နေသည်။ ဧပြီလတွင် ကေအိုင်အေ၏ ဒုတိယခေါင်းဆောင် ဝါရှင်တန်သို့ တရားဝင်လာရောက်ခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပါရန် တောင်းဆိုပန်ကြားခဲ့ပြီး အမေရိကန်စစ်တပ်၏ မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်မှုအပေါ် မေးခွန်းထုတ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အလုပ်သမားရေးရာဆိုင်ရာ လက်ထောက် ဝန်ကြီး တွမ်မာလင် နိုးစကီးက အမေရိကန်နိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအပေါ် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။
‘‘အထူးသဖြင့် အရပ်သားတွေရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြနေပါတယ်။ မြန်မာ အစိုးရက ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေသူတွေဆီကို အကန့်အသတ်မရှိ သွားရောက်ကူညီခွင့်ပေးဖို့ တိုက်တွန်းချင်ပါတယ်’’ဟု ဂလိုဘယ်ပို့စ်အား ပြောဆိုခဲ့သည်။
အမေရိကန်စစ်တပ်၏ မြန်မာနှင့် ဆက်ဆံရေးကိုမူ မာလင်နိုးစကီးက အလွန်နည်းပါးလှသော အဆင့်တွင်သာဖြစ်ကြောင်း ကာကွယ်ပြောဆိုလိုက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် တိုက်ပွဲဥပဒေများ ဖလှယ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
‘‘ကျွန်တော်တို့ရဲ့ လေ့ကျင့် သင်ကြားပေးတာတွေ အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ အနာဂတ်ဖြစ်တဲ့ အရာရှိငယ်တွေမှာ အကျိုးအမြတ်တွေ တွေ့ရပါတယ်။ အတင်းအကျပ် စုဆောင်းရေးကို တားဆီးတာ၊ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးပြီး စိတ်ဓာတ်ပြန်လည်ကုစားပေးတာ၊ မဟုတ်တာလုပ်တဲ့ စစ်သားတွေကို တာဝန်ခံခိုင်းတာတို့၊ မုဒိမ်းကျင့်တာ ဒါမှမဟုတ် တခြားရာဇဝတ်မှုတွေ လိုပေါ့။ နောက်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လိုက်နာဆောင်ရွက်တာတို့ဆိုတဲ့ ကိစ္စရပ်တွေမှာပါ’’ဟု သူက ပြောဆိုသည်။
‘‘မြန်မာကို စစ်လက်နက် ပစ္စည်းတွေပေးဖို့၊ ရောင်းဖို့၊ လက်နက်ပိတ်ဆို့မှုကို ဖယ်ရှားဖို့ မြန်မာ စစ်တပ်ကို စစ်ပွဲတွေအတွက် လေ့ကျင့်သင်ကြားပေးဖို့ ဒါတွေအတွက် ကျွန်တော်တို့မှာ အစီအစဉ်မရှိပါဘူး’’ဟု သူက ဖြည့် စွက်ပြောဆိုသည်။
‘‘စစ်တပ်နဲ့ ဆက်ဆံရေးကို တဖြည်းဖြည်းချင်းပဲ မြှင့်တင်ဖို့နဲ့ပြုပြင်ပြောင်းလဲရေးအတွက် ကျွန်တော်တို့ရဲ့ ဖိအားတွေကိုထိန်းထားဖို့ လိုအပ်ပါတယ်’’ဟု ဆိုသည်။
‘‘လတ်တလောစစ်ပွဲများက ‘‘အပစ်ရပ် ရေးလိုအပ်ချက်နှင့် ပြဿနာ၏ နိုင်ငံရေးအကြောင်းရင်းခံကို ဖြေရှင်းရေး လိုအပ်ချက်များကိုပြဆိုနေကြောင်း’’ဟု သူက ထောက်ပြ ခဲ့သည်။
မြန်မာအစိုးရက လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်ရပ်ရေး ကချင် သူပုန်များလည်းပါဝင်သည့် တိုင်း ရင်းသားအဖွဲ့ ၁၆ ဖွဲ့နှင့် ဆွေးနွေး ညှိနှိုင်းနေသော်လည်း လတ်တလော တိုးလာနေသည့် တိုက်ပွဲများက ယင်းလုပ်ငန်းစဉ်ကို ပျက်ပြားသွေဖည်သွားနိုင်စေသည်။
တင်းမာမှုများကို လျှော့ချ ရေး ကြိုးပမ်းမှုအနေဖြင့် ကေအိုင်အေနှင့် အစိုးရတို့ ပြီးခဲ့သည့် သီတင်းပတ် က တွေ့ဆုံညှိနှိုင်းခဲ့ပြီး တိုက်ပွဲများကိုတားဆီးရန် ငြိမ်းချမ်းရေးစောင့်ကြည့်မှုကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းရေး သဘောတူညီလိုက်သည်။ မတ်လတွင် နှစ်ဖက်တပ်များ ရန်လိုတိုက်ခိုက်မှုများကို ရပ်တန့်ရန် အခြေခံသဘောတူညီမှုများ ရခဲ့သည်။
သူတို့ကပစ်တော့ ရွာသားတွေ အကုန်ထွက်ပြေးကြတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း တကယ့်ဖြစ်ရပ်တွင်မူ အစိုးရ၏ ကတိကဝတ်များက ဆက်လက် ဖြစ်ပွားမည့် ထိုးစစ်များအတွက် အာမမခံနိုင်ပါ။ အရပ်သားများက စစ်တပ်၏ အကြမ်းဖက်မှုကို သာမကသူပုန်များ၏ အကြမ်းဖက်မှုကိုလည်း စိုးရိမ်နေကြသည်။
‘‘ငြိမ်းချမ်းရေးညီလာခံတွေ ကတော့ အများကြီးလုပ်နေတာ ပဲ။ ဒါပေမဲ့ ဒီကအခြေအနေတွေ က ပိုမိုဆိုးလာနေတယ်’’ဟု ကချင်ဘက်ပတစ်ခရစ်ယာန်အသင်းမှ ကူညီရေးလုပ်သားတစ်ဦးက ပြောသည်။ ယင်းအသင်းသည် တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်တွင်းရှိနမ့်ခမ်းမြို့ကို ဧပြီလ လယ်ပိုင်းက ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည် ၉၀၀ ခန့် ကူညီပေးနေသည်။
‘‘သူတို့က အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေပဲ။ မနေ့က ကျွန်တော် ၂၃ ယောက် သွားခေါ်ရတယ်။ သူတို့က တောထဲမှာ အစာမစားရဘဲ သုံးရက်ပုန်းနေကြတာ။ သောက်စရာပဲရှိတယ်’’ ဟု အမည်မဖော်လိုသည့် အဆိုပါ ကူညီရေးလုပ်သားက ပြောပြသည်။
ယင်းမိသားစုများကို စာသင်ကျောင်းတစ်ကျောင်းတွင် ယာယီခိုလှုံခွင့် ပေးထားသည်။ အများစုမှာ ယခင်ရက်က ရောက်လာသူများဖြစ်ပြီး သူတို့ပိုင်ပစ္စည်းများကို သယ်နိုင်သမျှသယ်ပြီး ရောက်လာကြသည်။ သူတို့ကို ကြည့်ရသည်မှာ ခြေကုန်လက်ပန်းကျပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
မေးမြန်းမှုခြောက်ခုမျှ အတွင်း ယင်းဒုက္ခသည်များက မြန်မာခြေမြန်တပ်ရင်း (၃၂၃) သည် သူတို့၏ရွာများကို မော်တာများဖြင့်ပစ်ခတ်ခြင်း၊ သူတို့၏ အိမ်များကို ဖျက်ဆီးလုယက်ပြီး အနည်းဆုံးအမျိုးသားကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သူတို့ကို ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုရန် (သို့မဟုတ်) စစ်ဆေးမေးမြန်းပြီး သတင်းအချက်အလက်များကို ရရန်ဖြစ်ကြောင်း ပြောဆိုကြသည်။
‘‘မြန်မာစစ်သားတွေက တောင်ပေါ်ကနေ ဆင်းလာကြတယ်’’ဟု ဒင်းဂရွာမှ ခရစ်ယာန် တရားဟောဆရာ ဒွန်လခွန်ဖန်က ပြောဆိုသည်။ ‘‘ပထမတော့ ဘာ မူယန်ရွာမှာ စပစ်တယ်။ ပြီးတော့ မွန်းလွဲပိုင်းကျတော့ ဒင်းဂရွာကို လာပစ်တယ်။ ညနေကျတော့ ထပ်လာပစ်တော့ တစ်ရွာလုံး ထွက်ပြေးရတော့တာပဲ’’
အသက်(၅၃)နှစ်အရွယ် ဒေါ်ရှမ်းဆိုသူ ဒဏ်ရာရခဲ့သည်။ ၎င်းတို့ရွာကို တိုက်ခိုက်ပြီးနောက် လူလေးဦးလည်း ပျောက်ဆုံးနေသည်။ ‘‘သူတို့အသက်ရှိသေးလား၊ သေပြီလားဆိုတာ ကျွန်မတို့ မသိရဘူး’’ဟု ဒေါ်ရှမ်းက ပြောသည်။
သူ့ဘုရားကျောင်းအဖွဲ့ဝင်များ၏ အခြေအနေနှင့် ပတ်သက်ပြီး မည်သို့ခံစားရပါသနည်းဟု မေးမြန်းရာတွင် တရားဟော ဆရာက ‘‘သူတို့နေရထိုင်ရတဲ့ အခြေအနေ၊ သူတို့ခံစားချက် တွေ၊ နောက်သူတို့အနာဂတ် ဒါတွေအတွက် ကျွန်တော်စိုးရိမ်တယ်။ သူတို့အတော်လေးစိတ်ဆင်းရဲနေကြတယ်။ သူတို့ကို အိမ်ပြန်ပို့ချင်တယ်။ သူတို့က လည်း အိမ်ပြန်ချင်ကြတယ်’’
ဂလိုဘယ်ပို့စ်အယ်ဒီတာ မှတ်ချက်။ ။သတင်းထောက်နှင့် သတင်းပေးများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန်အတွက် စာရေးသူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းမပြုပါ။
(ကိုးကား- Global Post ပါ Myanmar's army still abducts civilians and forces them to act as guides and human shields ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်။)
ခင်မေဇော် (ဝါရှင်တန် ဒီစီ)

မှတ်ချက်များ