မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ စက်တင်ဘာတွင် ကျင်းပမည်


အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည်ဟု အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးကော်မတီမှ သတင်း ရရှိသည်။

ညီလာခံကို ပြည်ထောင်စုသား မွတ်စလင်လူမျိုးများ ပြည်လုံးကျွတ် ညီလာခံအမည်ဖြင့် ကျင်းပမည်ဖြစ် ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်နှင့်အညီ စီစဉ်သွားမည်ဟု ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြော သည်။

‘‘အခုကျင်းပမယ့် ညီလာခံက မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံသား မွတ်စလင် လူမျိုးတိုင်းကို ကိုယ်စားပြု ပါတယ်။ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရဖို့အတွက် တောင်းဆိုသွားမှာပါ။ လှုံ့ဆော်မှုတွေကနေ အခြေခံတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေလည်း နောက်ထပ်ထပ်မဖြစ်ချင်တော့ပါဘူး။ အကြမ်းဖက်မှုတွေမရှိဘဲ စည်းစည်းလုံးလုံးနေသွားချင်ပါတယ်’’ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

ညီလာခံကျင်းပမည့်အရေး နှင့် ပတ်သက်၍ နိုင်ငံသားမွတ်စလင်များကိုသာ ကိုယ်စားပြုခြင်းဖြစ်ပြီး အနောက်တံခါးမှ ခိုးဝင်၊ ခိုးထွက်သည်ဆိုသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ကိုယ်စားမပြုကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ပြောသည်။

‘‘နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကတော့ အစိုးရကပဲ ဥပဒေနဲ့အညီ စိစစ်ရမှာပဲ။ နိုင်ငံသားမဟုတ်တဲ့သူကို လိုအပ်တဲ့အရေးယူမှုလုပ်ပြီး နိုင်ငံသားတိုင်းကိုလည်း တန်းတူအခွင့်အရေးပေးဖို့အတွက် ညီညီညွတ်ညွတ်နဲ့ တောင်းဆိုသွားမယ်’’ဟု ဦးအုန်းမောင်က ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း အကောင်အထည်ဖော်နေသည့် အပေါ် ၎င်းတို့အနေဖြင့် မှတ်ချက်မပေးလိုသေးကြောင်း ပြောကြားသည်။

ညီလာခံကျင်းပရာတွင် နိုင်ငံတော်အစိုးရတာဝန်ရှိသူများ နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကိုယ်စားလှယ်များ ဖိတ် ကြားသွားမည်ဖြစ်ပြီး တက်ရောက်လာနိုင်သူ များပြားနိုင်သည့်အတွက် နေရာကို အတည်ပြု သတ်မှတ်ရခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

အောင်သစ်လွင် | 7daydaily

မှတ်ချက်များ