နိုင်ဂျီးရီးယားတွင် ကမ္ဘာ့ဖလားပွဲ စုကြည့်နေသူများ ဗုံးခွဲတိုက်ခိုက်မှုခံရ


နိုင်ဂျီးရီးယား နိုင်ငံတွင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို TVမှတစ်ဆင့် စုရုံးကြည့်ရှုနေကြသူများကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူအများ သေဆုံးခဲ့ကြောင်း သိရှိရသည်။

သုံးဘီးဆိုင်ကယ် စီးလာသည့် အသေခံ ဗုံးခွဲသမားတစ်ဦးက နိုင်ဂျီးရီးယား မြောက်ပိုင်းပြည်နယ် ယိုဘာရှိ ဒါမာတူရူမြို့တွင် ဘောလုံးပွဲ ကြည့်ရှုနေသူများ အနီးသို့ ချဉ်းကပ်ပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

ဆေးရုံမှ တာဝန်ရှိသူများက အသေအပျောက် စာရင်းကို အတိအကျ အတည်မပြုနိုင်သေးကြောင်း ပြောဆို ခဲ့သော်လည်း လူ(၁၅)ဦးမျှ အသက်ဆုံးရှုံးဖွယ် ရှိနေကြောင်း ခန့်မှန်းထားသည်။

ဇွန်လ(၁၇)ရက်နေ့ ညပိုင်းက ဗုံးခွဲမှုသည် ဘိုကိုဟာရမ် စစ်သွေးကြွများ၏ လက်ချက်ဟု အစိုးရက စွပ်စွဲ ထားပြီး ရဲအရာရှိ တစ်ဦးဖြစ်သော နေသန်ချန်ဟန်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒုတိယမြောက် အသေခံ ဗုံးခွဲတိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဘိုကိုဟာရမ်တို့သည် ပေါက်ကွဲမှု တစ်ခုအပြီး ကူညီမည့်သူများ စုရုံးရောက်ရှိလာချိန်တွင် နောက်ထပ် ဗုံးခွဲတိုက်ခိုက်သည့် အကြမ်းဖက်ဗျူဟာကို ကျင့်သုံးလေ့ရှိသည်။

ယိုဘာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆန်နူဆီရူဖိုင်က “ပေါက်ကွဲတဲ့ နေရာကို ရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။ အသေအပျောက် ပမာဏကို တိတိကျကျ ပြောနိုင်ဖို့ကတော့ စောလွန်းသေး တယ်”ဟု AFPသို့ ပြောကြားခဲ့သည်။ ဒေသခံ သတင်းဌာနများကမူ အနည်းဆုံး (၁၅)ဦးသေပြီး ပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့သူ အများအပြား ရှိနေကြောင်း ဖော်ပြခဲ့သည်။

နိုင်ဂျီးရီးယား အစိုးရသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မစတင်မီ ကတည်းက ဘောလုံးပွဲ စုရုံးကြည့်ရှု သည့် နေရာများကို ဘိုကိုဟာရမ်တို့ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း သတိပေးထားသည်။ ဘိုကိုဟာ ရမ်တို့ အပါအဝင် အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အစည်း အချို့ကလည်း ဘောလုံးပွဲ ကြည့် ရှုခြင်းသည် ဘာသာရေးအရ ပြစ်မှုမြောက်ကြောင်း ရှုတ်ချထားကြသည်။

7daydaily

မှတ်ချက်များ