သြစတြေးလျကို အနိုင်ယူပြီး အုပ်စု(ခ) ဒုတိယနေရာကို ချီလီအသင်း ရယူ
အုပ်စု(ခ) ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ချီလီအသင်းနှင့် သြစတြေးလျ အသင်းတို့၏ ပွဲစဉ်တွင် ချီလီအသင်းသည် နာကျင်အချိန်ပို ရောက်မှ သွင်းယူခဲ့သည့် ဂိုးတစ်ဂိုး အပါအ၀င် (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် စပိန်ကို ဂိုးပြတ်နိုင်ခဲ့သည့် ဟော်လန်အသင်း၏ အောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ချီလီတွင် အဓိက ကစားသမားများ ဖြစ်သည့် ဗီဒယ်၊ ဆန်းချက်ဇ်တို့ ဦးဆောင် ပါဝင်လာခဲ့ပြီး ဗားဂတ်စ်၊ မီဒယ်၊ အစ္စလာ၊ ဗယ်လ်ဒီဗီယာ အစရှိသည့် ကစားသမားများဖြင့် သြစတြေးလျကို ရင်ဆိုင်ခဲ့သည်။ သြစတြေးလျ အသင်းတွင် ၀ါရင့်ကစားသမား ဘရက်စီယာနို၊ ကာဟေးတို့ကို လက်ကီး၊ ဒေးဗစ်ဆန် အစရှိသည့် လူငယ်များဖြင့် တွဲဖက် ပွဲထုတ်ခဲ့သည်။
တောင်အမေရိက အသင်းဖြစ်သည့် ချီလီသည် သြစတြေးလျထက် ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး အနီးကပ် တွဲလုံးများဖြင့် သြဇီ ခံစစ်ကြောင်းကို ဖိအားပေးခဲ့သည်။ အလက်ဆစ်ဆန်းချက်ဇ်၊ ဗားဂတ်စ်နှင့် ဗယ်လ်ဒီဗီယာတို့၏ တွဲလုံးများမှာ အထူးကောင်းမွန် ခဲ့သောကြောင့် သြဇီနောက်ခံလူများ အခက်တွေ့ ခဲ့ရပြီး ပွဲချိန် ၁၅မိနစ် မပြည့်မီမှာပင် နှစ်ဂိုးဆက် ခွင့်ပြုခဲ့ရသည်။ သြစတြေးလျ အသင်းကမူ ခေါင်း တိုက်ကောင်းသည့် တင်မ်ကာဟေးကို အားပြုကာ ဖြတ်တင်ဘောများကို အားပြုကစားခဲ့သည်။
ပွဲအစပိုင်းတွင် ချီလီက လျှင်လျှင်မြန်မြန် ထိုးဖောက်ခဲ့သောကြောင့် သြစတြေးလျ အသင်းမှာ ကစားကွက်ပင် မတည်နိုင်ဘဲ အသည်းအသန် ခုခံကာကွယ် နေခဲ့ရသည်။ သို့သော် ဂိုးမပေးရစေရန် ကာကွယ်နိုင်ခြင်း မရှိခဲ့ဘဲ ပွဲချိန် ၁၁မိနစ် အရောက်တွင် ဆန်းချက်ဇ်က ရှုပ်ရှက်ခတ်နေသည့် အနေအထားမှ ချီလီအသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့သည်။ ချက်ခြင်း ဆိုသလိုပင် သြဇီ ခံစစ်ကြောင်း အားနည်းမှုမှ တဆင့် ဗယ်လ်ဒီဗီယာက ဒုတိယဦးဆောင်ဂိုး သွင်းပေးခဲ့ပြန်သည်။
သြစတြေးလျ အသင်းအနေဖြင့် ချီလီ၏ တိုက်စစ်ကို တောက်လျှောက် ခုခံနေခဲ့ရရာ ပွဲချိန် မိနစ် ၂၀ခန့် ရောက်သည်အထိ ကြုံသလို ဖျက်ထုတ်နေရသည့် အနေအထားထက် မပိုခဲ့ပေ။ နောက်ပိုင်းတွင်မူ အနည်းငယ် တည်ငြိမ်လာခဲ့ပြီး ချီလီကို အပြန်အလှန် ကစားလာနိုင်ခဲ့သည်။ သြစတြေးလျ အသင်းသည် အဓိက ကစားသမားတစ်ဦး ဖြစ်သည့် ဘယ်တောင်ပံ ကစားသမား လက်ကီးကို အားပြုကာ တောင်ပံများမှ တဆင့် ဖြတ်တင်ဘောများကို ကာဟေးဆီ တိုက်ရိုက်ကန်တင်ပြီး ချီလီခံစစ်ကြောင်းကို ခြိမ်းခြောက်ခဲ့သည်။ သြစတြေးလျ အသင်း၏ အဆိုပါ နည်းဗျူဟာမှာ အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၃၄ မိနစ် အရောက်တွင် တင်မ်ကာဟေးက ညာတောင်ပံ ဖြတ်တင်ဘောမှ ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် သြစတြေးလျ အသင်းနှင့် ကစားအား ပိုမိုတက်လာခဲ့ပြီး ချီလီကို အပြန်အလှန် ကစားနိုင်ခဲ့သော်လည်း ဂိုးရရှိရန် စွမ်းဆောင်နိုင်ခြင်းတော့ မရှိခဲ့ပေ။ ချီလီ အနေဖြင့်လည်း သြစတြေးလျ အသင်း၏ ခံစစ်ကြောင်းကို ထပ်မံကျော်ဖြတ်ရန် အခက်တွေ့နေခဲ့သောကြောင့် ၂-၁ ရလဒ်ဖြင့်ပင် ပွဲပြီးတော့မည်ကဲ့သို့ ရှိနေခဲ့သည်။
သို့သော် ပွဲချိန် မိနစ် ၉၀ ကျော်လွန်၍ နာကျင်အချိန်ပို ၁ မိနစ်တွင် ချီလီအသင်း၏ လူစားဝင် ကစားသမား ဗျူစီဂျာက ဂိုးသွင်းယူ နိုင်ခဲ့သောကြောင့် ၃-၁ ဂိုးဖြင့် ပွဲပြီးကာ ချီလီတို့ အုပ်စုမှ လွတ်ရန် နီးစပ်သွားခဲ့သည်။
အဆိုပါ ရလဒ်ကြောင့် ချီလီအသင်းသည် အုပ်စု(ခ)တွင် ဟော်လန် အသင်း၏နောက် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး သြစတြေးလျ အသင်းမှာ တတိယနေရာ၌ ရှိနေသည်။ ဟော်လန်ကို ဂိုးပြတ် ရှုံးခဲ့သည့် စပိန်မှာမူ အုပ်စုအောက်ဆုံးသို့ ရောက်ရှိနေသည်။ ချီလီသည် အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
Mizzima Sport News

မှတ်ချက်များ